ဂမုန်းနှင့်တစ်ညတာ(Unicode)

1.6K 152 15
                                    

ဇီးကုန်းရွာသည်...ခရိုင်ဆိပ်ကမ်းမြို့လေးတစ်မြို့နှင့် အနည်းငယ်လှမ်း​သော အကွားအဝေး၌ ရှိပြီး...လူနေ အိမ်ခြေ ( ၇၀ ) ခန့် ရှိသည့်...ရွာငယ်လေး တစ်ရွာဖြစ်လေသည် ။

ဆိပ်ကမ်းမြို့နှင့် နီးသည့်အလျောက်...အတန်ငယ် စီးပွားဖွံ့ဖြိုးကာ...ရွာရှိ အိမ်များမှာလည်း...ပျဉ်ထောင်အိမ် ၊ သို့မဟုတ် လုံးချင်းနှစ်ထပ်တိုက်များဖြစ်ကြပြီး...ဝါးဓနိအိမ်မှာ အနည်းအကျဉ်းသာ ရှိလေ၏ ။

အငယ်ဆုံး မြေးမလေးဖြစ်၍...အဘိုးနှင့်အဘွားဆီမှ လောလောလတ်လတ် အမွေရထားသော ဂမုန်းသည်...ထိုခရိုင်မြို့​လေး၏ အရှေ့ဖျားရှိ...မြေကွက်လပ်လေးကို ဈေးချိုချိုဖြင့်...ဝယ်ယူပြီး...အိမ်အသစ်ဆောက်ထားသည်မှာ...သုံးလပင် ရှိချေပြီ ။

ဂမုန်းသည်...ရန်ကုန်ကဲ့သို့ မြို့ကြီးပြကြီးတွင် လူ​နေထူထပ် များပြားပြီး...တိုက်ကြီး ၊ တာကြီးများနှင့် အဆောင်အယောင်ပြ၍...အသက်ရှူကြပ်စွာ နေချင်လိုစိတ် မရှိပေ ။

ထိုသို့သော လမ်းပန်းဆက်သွယ်ရေးကောင်းသည့် မြို့ငယ်လေးတစ်မြို့တွင်...ခြံအကျယ်ကြီး၌ သူမစိတ်ကြိုက် အိမ်လှလှလေးဆောက်ကာ...ချစ်ရသူနှင့် နှစ်ယောက်အတူ...ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းပြီး...အေးအေးလူလူ နေချင်ခဲ့သည်မှာ...သူမ၏ စိတ်ကူးအိပ်မက်ဖြစ်လေသည် ။

ယခုမူကား...သူမ၏ အိပ်မက်တွေ အကောင်အထည် ဖော်နိုင်ပါတော့မည် ။

မကြာခင်၌...ချစ်ရသူက သူမတို့၏ အိမ်အသစ်ကို ကြည့်ရန်...ရန်ကုန်က ဆင်းလာမည်ဟု ဖုန်းကြိုဆက်ထားခဲ့သောကြောင့် ဖြစ်၏ ။

အနီးအနား ပတ်ဝန်းကျင်တွင်...ရွာအမြောက်အများရှိသည့်အနက်...သူမအိမ်နှင့် အနီးဆုံးဖြစ်သော ဇီးကုန်းရွာကိုတော့...သူမ နေ့တိုင်း ကားဖြင့်...သွားတတ်သည် ။

သူမသည်...ကော်ဖီမ​သောက်ရလျှင် မနေနိုင်သည့်...ကော်ဖီစွဲနေသူ ဖြစ်သည့်အလျောက်...အိမ်ခြံမြေ ဈေးကွက် မေးမြန်းရန် ဇီးကုန်းရွာသို့...ရောက်စဉ်အခိုက်၌...ဝင်သောက်ခဲ့ဖူးပါ​သော လက်ဖက်ရည်ဆိုင်မှ ကော်ဖီကို အင်မတန်ပင် စွဲလမ်းသွားခဲ့မိသည် ။

Short Stories CollectionTempat cerita menjadi hidup. Temukan sekarang