Chapter 3

3.4K 231 55
                                    

Unicode

Candy Contract Chapter 3

ကုမ္ပဏီကားပါကင်ထဲချိုးဝင်ရန်ဦးတည်ထားသော ထည်ဝါ့ကားအနီလေးက ကုမ္ပဏီရှေ့မှာ ရပ်ပြီး ဖုန်းကြည့်နေသည့် နုန်းကိုမြင်တော့ အရှိန်လျော့သွားသည်။ ထည်ဝါသည် ကားကိုပါကင်ထိုးဖို့ ခဏမေ့ထားလိုက်ပြီးလမ်းဘေးကပ်၍သာ စက်သတ်လိုက်သည်။ နုန်းကိုကြည့်နေသည့်မျက်နှာမှာ မျက်တောင်ခတ်ဖို့ သတိမရနိုင်ဘဲ နှုတ်ခမ်းများကလည်း မကြာခဏဆိုသလို ပြုံးရိပ်သမ်းလာသည်။ နုန်းကတော့သူလှမ်းကြည့်နေတာကို နည်းနည်းလေးမှသတိထားမိဟန်မတူဘဲ ဖုန်းကြည့်နေတာကိုရပ်ပြီး ကုမ္ပဏီကိုမော့ကြည့်နေသည်။ မျက်နှာကိုအနည်းငယ်မော့ထားတော့ နုန်းရဲ့ကြည့်ကောင်း သော မျက်နှာနှင့် တစ်ဆက်တည်းတည်ရှိနေသည့် လည်ဇလုပ်ကို အတိုင်းသားမြင်​နေရသည်။ နောက်ပြီး ခပ်ထင်းထင်းမေးရိုးကလည်း လက်နှင့် ထိလိုက်လျှင်ပင် ရှသွားတော့မလို အနေအထားဖြစ်သည်ဟု ထင်ရသည်။

ကိုလတ်ဖုန်းခေါ်နေတာကိုတောင်မကိုင်မိဘဲ ထည်ဝါဆက်ပြီးကြည့်နေမိ၏။

သူသိပ်သဘောကျသည့် ထိုခပ်ချောချောမျက်နှာကိုကြည့်နေရင်း နုန်းနှုတ်ခမ်းထောင့်က အက်ကွဲရာကိုမြင်တော့ ထည်ဝါ သက်ပြင်းချလိုက်မိသည်။ မနေ့ညတုန်းက နုန်းရန်ဖြစ်လို့ ရပ်ကွက်ရုံးရောက်သွားတာကိုသူသိရသည်။ သူမယောင်မလည်နှင့် ရပ်ကွက်ရုံးကိုအကြောင်းမရှိအကြောင်းရှာကာ ထောက်ခံစာသွားလုပ်ရင်း နုန်းဘာဖြစ်သလဲဆိုတာ နားစွင့်မိသည်။ နုန်းကလူတစ်ယောက်နှင့်ရန်ဖြစ်ပြီး ခေါင်းခွဲလိုက်ပြန်သည်ဆို၏။ ခေါင်းခွဲခံလိုက်ရသည့်လူကတော့ ဆေးခန်းရောက်သွားပြီး နစ်နာသူ၏မိဘများသာရှိနေသည်။ နုန်းအဖေက ရပ်ကွက်ရုံးမှာတုန်းက တစ်ဖက်မိဘတွေကိုတောင်းပန်ပြီး လျှော်ကြေးပေးဖို့ညှိနှိုင်းလိုက်သော်လည်း အိမ်ပြန်လာသည့်လမ်းမှာ နုန်းနှင့်စကားထပ်များပြီး နုန်းကိုထိုးတာကိုသူမြင်လိုက်ရသည်။

ထည်ဝါ ဒေါသနည်းနည်းထွက်သွားမိသော်လည်း မိဘနှင့်သားသမီးကြားမို့ ဘာမှဝင်လုပ်လို့မရ။

တတီတီမြည်နေသောဖုန်းကို စိတ်မရှည်တော့သည့်နောက်မှာတော့ ထည်ဝါဖုန်းကိုကိုင်လိုက်ရတော့သည်။

Candy Contract (BL OC) Where stories live. Discover now