Prologue

1.4K 74 10
                                    

Unicode Version

" ထာဝရဘုရားသခင်၏ အမည်နာမတော်အောက် ကောင်းခြင်းတို့ ဆုံစေသား "

ဖာသာရဲ့ဆုတောင်းသံအဆုံးမှာ ပျံ့လွှင့်လာတဲ့ ပီယာနိုရဲ့အသံက ကိုယ့်ရဲ့နှလုံးစိုင်ကိုပြင်းပြင်းထန်ထန် တုန်လှုပ်စေတယ်။ ခြောက်ကပ်နေတဲ့ မျက်ဝန်းအိမ်တွေက ငိုစရာမျက်ရည်ကုန်ခမ်းသွားသလိုပဲ။ ‌အနက်ရောင်ဆေးခြယ်ထားတဲ့ ခုံတန်းအရှည်မှာ ထိုင်နေတဲ့ကိုယ်ဟာ အသက်မဲ့နေသူသဖွယ်။ ထိန်းချုပ်နေရင်းကနေ လွတ်ထွက်သွားတဲ့ ရှိုက်သံတစ်ချက်ကြောင့် ဘေးက အဖေဟာ ကျစ်ခနဲ စုတ်သပ်တယ်။

ဘုရားကျောင်းထဲမှာရှိနေတာက ဖာသာရယ် ဓမ္မတေးအဖွဲ့ရယ် ကိုယ်တို့မိသားစုဝင်‌ လေးယောက်ရယ်ပဲ။ ထည့်တွက်မထားတဲ့ သက်တော်စောင့် ငါးယောက်ကတော့ ဘုရားကျောင်းရဲ့ တစ်ဖက်တစ်ချက်စီရယ် အဝင်အဝရယ်မှာ သတိအနေအထားနဲ့ ရပ်စောင့်နေကြတယ်။

ကမ္ဘာပျက်နေတဲ့ ကိုယ့်ရဲ့အခြေအနေကိုမြင်နေရတဲ့ အမေကတော့ သက်ပြင်းခပ်ဖွဖွချလေရဲ့။ ရှိုက်သံထပ်မထွက်တော့အောင် ထိန်းချုပ်ထားရတဲ့ အောက်နှုတ်ခမ်းကတော့‌ ပေါက်ပြဲပြီးသွေးစတွေပါထွက်နေပြီ။

တစ်ပတ်လုံးလုံးအိမ်တွင်းအောင်းနေတဲ့ ကိုယ့်ကိုဆွဲထုတ်လာပြီး ဘုရားကျောင်းမှာ သမ္မာကျမ်းစာ လာရွတ်ဖတ်ခိုင်းနေတဲ့ အခုအချိန်ဟာ ကိုယ့်အတွက်တော့ တကယ်အဆင်မပြေလှ။ အထူးသဖြင့် သူ့ရဲ့အငွေ့အသက်တွေ လွှမ်းခြုံနေတဲ့ ဒီနေရာဟာ ကိုယ့်ရဲ့နှလုံးစိုင်ကို မီးနဲ့မြှိုက်နေသလိုပင်။ ပီယာနိုခုံမှာထိုင်နေတဲ့လူကို အကြည့်ပို့မိပြန်တော့ မျက်ရည်တွေခမ်းခြောက်ကုန်ပြီလို့ထင်ရတဲ့ မျက်ဝန်းကနောက်တစ်ကြိမ်ထပ်ပြီး စိုစွတ်လာတယ်။

" သွားကြမယ် "

အာရုံတွေပျံ့လွင့်ကုန်တာ ဘယ်လောက်တောင်ကြာသွားလဲမသိ။ ဘေးကအဖေ့ရဲ့ အသံခပ်အုပ်အုပ်ကိုကြားမှ ဝတ်ပြုခြင်းပြီးသွားပြီဆိုတာ သတိထားမိတယ်။

သက်တော်စောင့်တွေရယ် ကိုယ့်ရဲ့မိသားစု‌ဝင်တွေရယ်ကလွဲပြီး ကျန်တယ့်လူတွေမရှိတော့တဲ့ ဘုရားကျောင်းထဲမှာ ကိုယ်ဟာ လစ်လပ်သွားတဲ့ ပီယာနိုခုံကိုကြည့်ပြီး သက်ပြင်းခပ်ငွေ့ငွေ့ချမိလေရဲ့။

CLOUD Where stories live. Discover now