Chapter: Two

502 54 26
                                    

Unicode Version

ဂျယ်မင်းကို ကောင်းကင်မှာလွင့်မြောနေတဲ့ အဖြူရောင်တိမ်တိုက်တွေနဲ့တူတယ်လို့ ဂျဲနိုကတင်စားလေ့ရှိတယ်။ ကောင်းကင်မှာလွင့်မြောနေတဲ့ တိမ်တိုက်တွေလိုမျိုး လှပပြီး ဖမ်းဆုပ်ထားဖို့ ခက်ခဲလွန်းတာမို့လို့။

ဂျယ်မင်းကို ပထမဆုံးစတွေ့ခဲ့တဲ့ နေ့တုန်းကဆို သူက တိမ်တိုက်တစ်လွှာလိုမျိုး ပြာလွင်လွင်မိုးသားအရောင် ဆံနွယ်တွေနဲ့ ကောင်းကင်တစ်ခုလိုမျိုး ပနံတင့်အောင် ဖြူစင်ဝင်းလက်နေခဲ့တာ။

အဲ့နေ့က ၂၀၁၆ ခုနှစ်ရဲ့ နောက်ဆုံးလ ဒီဇင်ဘာ ၂၄ ရက်။ ခရစ်စမတ်အကြိုနေ့ပေါ့။ နှင်းမိုးတွေရွာသွန်းနေတဲ့ မနက်ခင်းတစ်ခုက ခါတိုင်းနေ့တွေထက် တစ်မူထူးခြားနေတယ်လို့ ခံစားနေမိခဲ့တာ။

ခြေလှမ်း သုံးဆယ်ကျော်လောက်ထပ်လျှောက်ရင် အလုပ်လုပ်တဲ့ကော်ဖီဆိုင်ကိုရောက်ပြီ။ ဒါပေမယ့် အဲ့ဒီနေ့ကပုံမှန်သွားနေကျအချိန်တွေထက် စောနေသေးတာမလို့ ခြေလှမ်းသုံးဆယ်ကျော်လောက်လျှောက်လိုက်ရင် ရောက်ပြီဖြစ်တဲ့ကော်ဖီဆိုင်ကိုကျော်ပြီး ဆယ်ကွေ့တစ်ကွေ့မှသွားဖြစ်တဲ့ ကလေးကစားကွင်းရှိရာ ပန်းခြံကို ခပ်ပျင်းပျင်းနဲ့ လမ်းလျှောက်ထွက်ခဲ့တယ်။

နေရာစုံမှာ နှင်းမိုးတွေရွာသွန်းနေတယ်။
ပတ်ဝန်းကျင်ကတော့ အုံ့ဆိုင်း‌ဆိုင်းပဲ။

ပန်းခြံတစ်လျှောက်မှာ စိုက်ပျိုးထားတယ့် အပင်မျိုးစုံက ဟိုးအရင်ကတည်းက ရရှိခဲ့တဲ့ ပုံသဏ္ဍာန်လို့ ထင်မှတ်ရလောက်အောင် စွတ်စွတ်ဖြူနေကြတယ်။

ပျင်းရိပျင်းတွဲနဲ့ လှမ်းလာမိခဲ့တဲ့ခြေလှမ်းတွေက တစ်နေရာအရောက်မှာ တုံ့ခနဲ တောင့်ခဲသွားတယ်။ ပုံမှန်လုပ်ဆောင်နေကြ လုပ်ငန်းဆောင်တာတစ်ခုဖြစ်တဲ့ အသက်ရှူရှိုက်ခြင်းကတောင် တစ်ခဏအေးခဲသွားသလိုမျိုး။

နှင်းမိုးတွေရွာသွန်းနေတယ့်ရာသီဥတုမှာ အဖြူရောင် Hoodie အကြီးကြီးထဲနစ်မြုပ်နေတဲ့ ကောင်လေးရဲ့ပုံစံက ထွေးပွေ့ထားချင်စရာကောင်းတဲ့ ပုံစံမျိုးလို့ ဂျဲနိုတွေးလိုက်ခဲ့မိတယ်။

CLOUD Where stories live. Discover now