Epilogue

764 64 6
                                    

Unicode Version

| ၂၀၁၇ မတ် ၂၁ ရက် |
( တွဲပြီးရှစ်ဆယ့်ရှစ်ရက်အကြာ )

ညနေစောင်း နေဝင်ချိန်တွေဆိုရင် ကိုယ့်ကိုစောင့်မနေနဲ့တော့လေ ဂျယ်မင်းရာ...

ဩရှရှအသံခပ်တိုးတိုးဟာ နားစည်မှာ ပဲ့တင်သံထပ်လောက်တဲ့အထိ မြည်ဟီးတယ်။ မိုးပြာရောင်လိုက်ကာစတွေက ညိုညစ်ညစ်နဲ့။ ဒီအခန်းကျဉ်းလေးထဲမှာ ပိတ်လှောင်နေရတာ မွန်းကြပ်လှပြီ။ လွတ်လပ်စွာပျံသန်းချင်တဲ့ ငှက်ငယ်အဖို့ သာမန်အကျယ်အဝန်းတစ်ခုဟာလည်း သူ့အတွက်တော့ ကျဉ်းကြပ်တဲ့လှောင်အိမ်တစ်ခုသာသာပါပဲ။

" ငါအိမ်မှာ မနေချင်ဘူး ဂျဲနိုရယ်...အိမ်မှာ မင်းမှ မရှိတာ "

ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ နေရောင်ခြည်ကို လိုက်ကာစနဲ့ဖုံးကွယ်ရင်း လျစ်လျူရှုလိုက်တယ်။ တစ်ချိန်ထဲမှာပဲ ပျော်ရွှင်စရာကောင်းတဲ့တေးသွားတစ်ခုကို သူဟာမျက်ရည်ကျရင်း ခပ်တိုးတိုး ငြီးတွားရွတ်ဆိုမိပြန်တယ်။ သူဟာ ရွှင်မြူးစရာတေးသွားတစ်ပုဒ်ကိုတောင် အပြုံးတွေနဲ့ သီဆိုဖို့ မထိုက်တန်တဲ့ လူတစ်ယောက်ဖြစ်နေခဲ့တာလား...

ဒီနေ့အတွက် ခုနစ်လိပ်မြောက်စီးကရက်လိပ်ကို ပြာခွက်ထဲမှာဖိချေရင်း မီးသတ်ပစ်လိုက်တယ်။ သူအိပ်မပျော်တဲ့ညတွေ များလှပြီ။ ဂျဲနိုမရှိတဲ့နေ့ရက်တွေက သူ့အတွက်အပင်ပန်းဆုံးနေ့ရက်တွေပဲ။ ဂျဲနိုအပေါ် ဘယ်အချိန်ကတည်းက ဒီလိုစွဲလမ်းမိသွားလဲ သူကိုယ်တိုင်တောင် အဖြေရှာမရခဲ့ဘူး။

သူကိုယ်တိုင်သတ်မှတ်ထားတဲ့ ဘဝရဲ့လမ်းကြောင်းထဲမှာ ဂျဲနိုဆိုတာအစိတ်အပိုင်းတစ်ခုစာတောင်မပါဝင်ခဲ့ပေမယ့် သူ့ကိုယ်သူသတိထားမိတဲ့အချိန်မှာတော့ အရမ်းနောက်ကျသွားခဲ့ပြီ။

သူအခန်းထဲမှာတင် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေမိတယ်။ သူ့မှာ အပြင်ထွက်ခွင့်မှ မရှိဘဲ။ အရိပ်အကဲအဖတ်မြန်လွန်းတဲ့ သမ္မတကြီးက အချိန်တိုလေးအတွင်းမှာတင် သူနဲ့ဂျဲနိုရဲ့ ဆက်ဆံရေးကို ရိပ်မိသွားသည်မလား?

သားဖြစ်သူရဲ့ ချစ်သူဟာ ကောင်လေးတစ်ယောက်ဖြစ်နေခဲ့သည်ဆိုတာကို အပြစ်မပြောခဲ့ပေမယ့် ထိုကောင်လေးက မြောက်ကိုရီးယားကလာတဲ့ သူလျှိုတစ်ယောက်ဖြစ်နေခဲ့တာကိုတော့ သဘောထားကြီးစွာနဲ့ ခွင့်လွှတ်ထားပေးလို့မရတော့ချေ။

CLOUD Where stories live. Discover now