အခန်း-(၅)

1.7K 219 8
                                    

Unicode

စောစောထကျင့်မရှိသည့်တိုင် ကိုက်ခဲနေသောခေါင်းက အတော်လေးဆိုးဝါးလှသဖြင့် ဆက်အိပ်ဖို့ မဖြစ်နိုင်စွာ နိုးလာရသည်။ ခြောက်သွေ့နေသောလည်ချောင်းကြောင့် ရေသောက်မည်တွေးကာ အိပ်ရာနံဘေးရှိ စားပွဲပေါ် လက်လှမ်းမိလိုက်တော့ ရင်းနှီးမှုရှိ‌မနေသော အထိအတွေ့ကြောင့် မျက်လုံးဖွင့်ကြည့်မိသည်။

အိပ်စက်နေကျ အိစက်ကောင်းမွန်လှသော မွေ့ယာအစား အနည်းငယ် မာတောင့်တောင့်ဖြစ်ချင်နေသော အိပ်ရာခင်းကြောင့် သူ့စိတ်တို့ရှုပ်ထွေးသွားရ၏။

သူဘယ်ရောက်နေတာလဲ ?

တနေရာစီအကြည့်ရောက်သွားတော့ ဆိုဖာခုံရှည်ပေါ် ခပ်ကွေးကွေးအိပ်နေသည့် ကောင်လေးက သူ့အမေးတို့ကို အတည်ပြုပေးလိုက်သယောင်။

ဒါယောင်းရဲ့မောင်လေး .....ထိုအခါမှ ညတုန်းက အဖြစ်အပျက်တချို့ကို ခေါင်းကိုက်အောင် ပြန်တွေးရတော့သည်။

ဒါက ဒီကောင်လေးအိမ်လား။
သူက ငါ့ကို ဘာလို့ အိမ်ကိုခေါ်လာခဲ့တာလဲ ..? မဟုတ်သေးဘူး ... ငါက‌ရော ဘာလို့ သူ့ဆီလိုက်အိပ်တာလဲ ?

သူ့အတွေးထဲ ဝင်လာတဲ့ မှတ်ဉာဏ်တချို့ ...

" မင်းဘယ်သူလဲဆိုတာ ငါသိသွားပြီ "

မူးမူးနှင့် သူပြောခဲ့တဲ့စကားသံက နားထဲ ပြန်လည်ကြားယောင်လာသည်။

ဟုတ်သည်။ သူသိသွားခဲ့တာ ...
ဒီကောင်လေးကို ဒါယောင်းမောင်လေးအဖြစ် မသိခင်မှာတည်းက မြင်ဖူးတယ်လို့ ခံစားနေမိသော်လည်း စဉ်းစားမရ။ မနေ့ညက ညစာစားပွဲမှာ ဝန်ထမ်းတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားလွန်းလှသော ဝက်နံရိုးကြော်ကြောင့် သူသတိရသွားခြင်းဖြစ်သည်။

ဟယ်အင်းကို လိုက်ပို့တဲ့ delivery ကောင်လေး...

ထိုနေ့က စိတ်တိုတိုနဲ့ ကုမ္ပဏီထဲဝင်သွားတော့ ထိုကောင်လေးပို့ခဲ့သော အစားအသောက်များထဲမှ ဝက်နံရိုးကြော်ကို ချီးမွန်းခန်းဖွင့်နေသော ဝန်ထမ်းများအား ပြန်လည်အမှတ်ရမိလာ၏။

ရုတ်တရက်သိချင်လာရသည့်အကြောင်းကတော့ သူ့ကို ထိုကောင်လေးကလည်း မှတ်မိနေမလား။ သိနေသားနဲ့ မသိချင်ယောင်ဆောင်နေတာဆိုရင်ရော ...

BetrayalWhere stories live. Discover now