Intro

863 48 20
                                    

ညပုရစ်ကလေးတွေ တကျီကျီမြည်နေတယ်။ အေးမြမြလေပြင်းက ဆံပင်ဖျားတွေလှုပ်ခတ်သွားအောင် သုတ်ခနဲ တိုက်သွားရုံတင်မဟုတ်ဘူး။ နှလုံးသားတစ်ခုလုံးကို ရုတ်တရတ် ရေခဲမုန်တိုင်း ဖြတ်တိုက်သွားသလို အေးခနဲဖြစ်သွားစေတဲ့အထိပဲ။ ဒါပေမဲ့ အေးစက်တုန်လှုပ်နေတဲ့နှလုံးသားကြီးနဲ့ မလိုက်မဖက် နားထင်မှာချွေးအနည်းငယ်ပြန်နေတယ်။ ငုတ်တုတ်ထိုင်နေပါရက်ကနေ တဆတ်ဆတ်တုန်နေတဲ့ဒူးတွေရဲ့ ဆန့်ကျင်ဘက်အရပ်မှာ ဖိချုပ်ခံထားရတဲ့ လက်ကောက်ဝတ်တွေက အလွန်အမင်းပူလောင်နာကျင်လျက်ပါပဲ။

တစ်ကမ္ဘာလုံးနှေးဝင်သွားသလို....ဘာအသံမှမကြားရတော့သလို...ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားပြီး အရမ်းလှပတဲ့ခံစားမှုလေးနဲ့ တိုးငင်နေတဲ့ နှလုံးသားက သူ့နှုတ်ခမ်းအဖိအဖွမှာ အရည်ပျော်ဝင်...

ဒါတွေက စောက်ရေးမပါတဲ့ ရိုမန့်တစ်ရုပ်ရှင်တွေနဲ့ စာအုပ်တွေထဲက အသုံးမဝင်တဲ့အရေးအသားနဲ့ ပြကွက်တွေမှန်း အခုမှပဲ သိလိုက်ရတာပဲ။ တစ်လောကလုံးကိုမေ့ပါတယ်ဆိုတဲ့ အဲ့အနမ်းကြီးကို ပိုးစိုးပက်စက်အနမ်းခံနေရတဲ့အချိန်မှာ နံရံအကွယ်က ကျွန်တော်တို့ပူးကပ်နေတဲ့ မှောင်ရိပ်နားကို လူတစ်ယောက်တိုးကပ်လာတဲ့ ခြေသံတစ်ခု အတိုင်းသားကြီး ကြားနေရတာမလား။

အထူးသဖြင့် ပထမဆုံးအနမ်းဆိုတာက သာယာသိမ်မွေ့လွန်းလို့ နားထဲ ခေါင်းလောင်းသံလေးတွေ ကြားရတယ်ဆိုပဲ။ တကယ်က ချီးစကားတွေ။ တတ်နိုင်ရင် ဒီသူတောင်းစားရဲ့ မကျွမ်းမကျင် နှုတ်ခမ်းတွေကိုပဲ ပြန်ကိုက်ဖဲ့ပစ်လိုက်ချင်တယ်။ ဒါပေမဲ့လည်း လှုပ်လို့မရဘူး။ လှုပ်မလို့ကြိုးစားလိုက်တိုင်းမှာ ထင်မှတ်မထားရလောက်အောင် သန်မာနေတဲ့ သူ့လက်ဖဝါးတွေရဲ့ ဖိချုပ်မှုကြောင့် လက်တွေ နံရံအမာခဲကြီးထဲ ကြေမွပြီး နစ်ဝင်သွားတော့မလိုပဲ။

"အွန်း"

အမှောင်ထုပဲမျက်စိရှေ့မှာရှိနေတာမှန်ပေမဲ့ အမှောင်ထုကိုက ပြာဝေလို့သွားတာ။ ပိုပြီးတော့ အားပါလာတဲ့ အနမ်း...မဟုတ်ဘူး...ဆဲမယ့်သာဆဲနေတာ ကြည့်ခဲ့သမျှရုပ်ရှင်တွေ၊ ဖတ်ခဲ့သမျှစာအုပ်တွေကို ယုံချင်နေသေးတာမို့ ဒါအနမ်းမဟုတ်ဘူး။ ဒီမသာကောင်ရဲ့ ကြံမိကြံရာ ဒီလုပ်ရပ်ကြီးကို အနမ်းလို့ မသမုတ်နိုင်ဘူး။

Ctrl+Z(Completed)Donde viven las historias. Descúbrelo ahora