"သော်ညံ"
ဆုပေးပွဲအတွက် ခုံတွေစနစ်တကျစီပြီး ပြင်ဆင်ထားတဲ့ ဟောခန်းမကြီးတစ်ခု။ အဖြူအစိမ်းဝတ် ကျောင်းသားတစ်ချို့နဲ့ ဆရာမတစ်ချို့ကလွဲရင် ကျန်တဲ့လူတွေရောက်မလာသေးတာမို့ လူနည်းနေတဲ့အခန်းထဲမှာ ခေါ်သံတစ်ခုက လုံလုံလောက်လောက်ကြားရတဲ့အထိ ထွက်ကျလာတယ်။ ထိုင်ခုံမှာ ထိုင်နေရင်းကနေ ကျွန်တော်မော့ကြည့်လိုက်မိတော့ ကျွန်တော့်ကို စစ်နေက ညာဘက်လက်လက်တစ်ဖက် ကမ်းပေးထားပါတယ်။
"ငါနဲ့အတူတူနောက်မှာလာထိုင်လေ"
ကြည်နူးပြုံးကြီးနဲ့မပြုံးမိသွားအောင် ထိန်းလိုက်ပေမဲ့ နှုတ်ခမ်းထောင့်တွေက သူ့အလိုလို ကွေးညွှတ်လို့သွားမိတယ်။
"မထိုင်ချင်ဘူးဆိုရင်ရော"
"ဘာလို့လဲ"
"တစ်ယောက်တည်းပဲနေတတ်လို့"
မေးခွန်သံပါတဲ့အသံမြင့်နဲ့တုံ့ပြန်လ်ုက်တော့ စစ်နေက ထိတ်ခနဲမျက်လုံးဝိုင်းသွားပြီးမှ ပြုံးစိစိလုပ်ပြီး တကယ်ကြီးပေါ့ဆိုတဲ့ အကြည့်ကိုလုပ်တယ်။ ကျွန်တော်က စိတ်ကုန်တဲ့ပုံနဲ့ သက်ပြင်းတစ်ချက်ကိုချပြီး သူ့လက်ကို စိတ်မပါသလိုဆွဲလိုက်တယ်။
"လက်မှာစွပ်ထားတဲ့လက်စွပ်ကို မေ့ပြီးလူပျိုလုပ်နေမှာစိုးလို့"
မျက်စောင်းတစ်ချက်နဲ့ မကျေလည်သလိုပြောလိုက်မှ စစ်နေက ကျွန်တော့်ခေါင်းကို ခပ်ဖွဖွသပ်ပြီး ကျွန်တော့်လက်ကို အသာလေးဆုပ်ညှစ်တယ်။ ဘေးလူတွေရှိနေတာသိပေမဲ့ စစ်နေတောင်ဂရုမစိုက်ဘူးဆိုရင် ကျွန်တော်ကလည်း သော်ညံပဲမဟုတ်လားလေ။
"မင်းကမှ ထူးထူးဆန်းဆန်းရှေ့ဆုံးတန်းမှာ ဘာထိုင်လုပ်နေတာလဲ"
"ထူးဆန်းလို့"
ကလေးတွေဆုယူနေကျစင်မြင့်ကို လှည့်ကြည့်ရင်း ပြောလိုက်တော့ စစ်နေကလည်း လူသူမရှိခြောက်ကပ်ပြီး ဆုတံဆိပ်တွေ၊ ဒိုင်းတွေဖလားတွေချည်းပဲတင်ထားတဲ့ စင်မြင့်ကိုလှည့်ကြည့်တယ်။
"ငါငယ်ငယ်ကအဲ့ဒီပေါ်ကဆင်းရမှာ သေလောက်အောင်ကြောက်ခဲ့ဖူးတယ်"