Chapter 9

377 35 22
                                    

အပြင်ဘက်မှာ စိမ်းမြနေတဲ့ ဗာဒံပင်ကြီးက အရိပ်အာဝါသကောင်းကောင်းနဲ့ ကျောင်းဝင်အဝင်ကို အုပ်မိုးထားတယ်။ ကျွန်တော်ထိုင်နေကျ ပြတင်းပေါက်ကနေ ကြည့်ရင် ကျောင်းဝင်းအဝင်ကို ရှင်းရှင်းလင်းလင်းမြင်ရတယ်။ ကျွန်တော့်ဘေးမှာ စစ်နေရှိမနေဘူး။ ပြောချင်တာက သူကျောင်းတက်ဖို့ ကျောင်းထဲကိုဝင်လာရင် ကျွန်တော်သူ့ကိုမြင်နေရဦးမှာ။ သူ့ကိုမြင်လိုက်ရပြီး နောက်သုံးမိနစ်လောက်နေရင် ကျွန်တော့်ဘေးကို သူရောက်လာမှာပေါ့။ ဒါက အခုဆို နေ့တိုင်းဖြစ်ပျက်နေတဲ့ ဘာမဟုတ်တဲ့ကိစ္စမို့ ရိုးအီနေသင့်ပြီ။ ကျွန်တော်နဲ့စစ်နေအတူတူထိုင်တာကို ကျောင်းသားတွေရော၊ ဆရာတွေရော အကျင့်ပါဖြစ်နေပြီ။ စစ်နေလည်း ဒီလိုပဲနေမှာပဲ။ ဒီလိုတွေးလိုက်ရင်လည်း ကျွန်တော်တစ်ယောက်တည်း ဘာတွေလိုက်ဖြစ်နေတာလဲဆိုတဲ့အတွေးနဲ့ ကျွန်တော်ပဲ ပိုစိတ်တိုရပြန်ရော။ စစ်နေနဲ့တွေ့မှ ကျွန်တော်က အရှူံးကိုလက်ခံရမှာ တော်တော်မုန်းတဲ့လူတစ်ယောက်ဆိုတာ ကိုယ့်ကိုယ်ကိုယ်သိရတာ။

"ငါမနေနိုင်တော့ဘူး။ မေးမှဖြစ်တော့မယ်"

"မျိုးမြင့်ထွန်း။ ဟေ့ကောင်။ အဲ့ကိစ္စက မင်းအတွက် ဘာအရေးပါလို့လဲ"

"ပါတယ်ကွ။ ပါတယ်။ အခုကျောင်းတက်ရတာ တစ်စက်မှပျော်စရာမကောင်းတော့ဘူး။ မင်းသူငယ်ချင်းက ရုတ်တရတ်ကြီး ဒီလောက်ပျင်းစရာကောင်းတဲ့ကောင်ကြီးဖြစ်သွားတာ မင်းရော ဘယ်လိုမှ မနေဘူးလား"

"အဲ့ဒါ သော်ညံက..."

"ဒီမှာ သော်ညံ"

တရစပ်ထွက်လာတဲ့ ပွစိပွစိစကားတွေရဲ့နောက်မှာ ကျွန်တော်အာရုံလွင့်နေတယ်အထင်နဲ့ မျိုးမြင့်ထွန်းက ကျွန်တော့်စားပွဲကို လက်ဆစ်နဲ့ခေါက်ပြီး သူပြောတာနားထောင်အောင်လုပ်တယ်။ အပြင်ဘက်ကို ကြည့်နေရင်းကနေ မျက်လုံးတစ်ချက်ရွှေ့ကြည့်လိုက်တော့ မျိုးမြင့်ထွန်းကရှေ့ခုံမှာ နောက်ပြန်ဝင်ထိုင်ပြီး ကျွန်တော်နဲ့ရင်ဆိုင်တယ်။

"ရှေ့လက မင်းနဲ့ စစ်နေရည်တစ်ခုခုဖြစ်ထားလား"

"တစ်ခုခုဖြစ်တယ်ဆိုတာဘာလဲ။ သူနဲ့ငါက ဖြစ်တာများလွန်းလို့ မမှတ်မိတော့ဘူး"

Ctrl+Z(Completed)Where stories live. Discover now