■အခန်း(၂)■
"ဒါနဲ့လေ ရိုးသ...မင်းက ဘာလို့ ရိုးသ ဖြစ်နေရတာလဲ"
မထူးဆန်းသောမေးခွန်းဟုထင်စရာဖြစ်သော်လည်း ဒီမေးခွန်းသည် ရိုးသကိုစသိတဲ့အချိန်ကတည်းက အခရာ မေးချင်ခဲ့သောမေးခွန်းဖြစ်ပါသည် ။ အခရာတို့ကျောင်းကို နှစ်လယ်စာမေးပွဲမဖြေခင်ကမှ ပြောင်းလာခဲ့သော ရိုးသသည် ကံဆုံ၍လားမပြောတတ် ၊ တိုက်တိုက်ဆိုင်ဆိုင်ပင် အခရာ့ဘေးသို့ရောက်လာခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် အခရာနှင့် ခင်မင်သွားခဲ့၏ ။
"တကယ်တော့ ငါ့အဖေက ငါ့ကိုမွေးတော့ ရိုးသား လို့ နာမည်ပေးဖို့တွေးခဲ့တာ ၊ လောကကြီးမှာ ရိုးရိုးသားသားရှင်သန်နေထိုင်သွားစေချင်တာ အဖေ့ရဲ့ဆန္ဒတဲ့
ဒါပေမဲ့ ငါ့အမေက စကားမပီတော့ ငါ့ကိုခေါ်တိုင်းမှာ ရိုးသ ရိုးသပဲ ဖြစ်ဖြစ်သွားတယ်လေ
အဖေက အဲ့လိုခေါ်သံလေးကို အူယားလို့ဆိုပြီး ငါ့နာမည်ကို ရိုးသ လို့ပဲ ပေးဖြစ်သွားတာတဲ့"တစ်ချိန်တုန်းကစကားဝိုင်းသည် မကြီးကျယ်ပါသော်လည်း အသက်ဝင်သည် ၊ စာအုပ်များကို ဖွထားရင်း စာမလုပ်ဘဲ စကားများကြသည့်နေ့ရက်များကိုလည်း ရိုးသနှင့်အခရာတို့ နှစ်ယောက်အတူကျော်ဖြတ်ဖူးကြသည် ။ သူတို့နှစ်ဦးသည် တစ်ဦး၏ဘဝထဲတွင် တစ်ဦးက အမြစ်တွယ်နှင့်ပြီးသားပင် ။
"ဖေဖေ....ဖေဖေ့ကို ခေါ်ပေးပါ"
တရှုံ့ရှုံ့ငိုနေသောကလေးမ၏အသံကို ကြားရလေ အခရာ စိတ်ဆိုးဒေါသထွက်ရလေဖြစ်သည် ။
ဒီကလေးမကိုမြင်တိုင်း အခရာ အဲ့ဒီနေ့ကို သတိရမိနေတုန်း ။
ရိုးသက ကလေးငယ်လေးကိုပွေ့ချီထားပြီး အခြားယောကျ်ားတစ်ယောက်က ပြုံးပြီးကြည့်နေတဲ့ မြင်ကွင်း...
အခရာ့ကို အသေသတ်ပစ်လိုက်တဲ့ အဲ့ဒီမြင်ကွင်း...။"ကလေးက ဒီလောက်ငိုနေတာ ရိုးသကိုခေါ်မှဖြစ််မယ်"
"ဖွားဖွား သူ့ကို ဒီအိမ်ခေါ်ရင် ကျွန်တော်ဒီအိမ်ကဆင်းမယ် "
အခရာဦး၏ ခပ်ပြတ်ပြတ်လေသံကြောင့် ဒေါ်မေနွယ်ဦး ဘာမှဆက်မပြောတော့ဘဲ ငြိမ်နေလိုက်သည် ။
"အမေ....ဒီကလေးမကို သူ့အဖေဆီ ပြန်ပ်ို့လိုက်ပါတော့ ၊ ကျွန်မသားလေး စိတ်ဆင်းရဲနေရတာ အမေကြည့်ရက်ပေမဲ့ ကျွန်မ မကြည့်ရက်တော့ဘူး"
"လူကြီးတွေရဲ့ကိစ္စမှာ ကလေးကို ဆွဲထည့်စရာမလိုဘူး ကေသီ
ကျေနပ်နပ် မကျေနပ်နပ် ဒီကလေးကို အခရာဦးရဲ့သမီးအဖြစ် မွေးစားရမယ်"ဒေါ်မေနွယ်ဦးက ကလေးကို ချီကာ အခန်းထဲကို ဝင်သွား၏ ။ အခရာဦးကလည်း စိတ်ပျက်လက်ပျက်ဖြင့် အခန်းထဲသို့ဝင်ကာ စီးကရက် ရှိူက်ရန်ကြံရွယ်ထားပုံရပါသည် ။
"သနားစရာကောင်းလိုက်တဲ့ကလေး...ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘမဲ့ဖြစ်ရတော့မလို့"
ဒေါ်မေနွယ်ဦးက မဒ္ဒီရဲ့ဆံနွယ်လေးတွေကို ပွတ်သပ်ကာ လက်မောင်းတွေကြားထဲ ထွေးပွေ့ထားလိုက်သည် ။
"ဖေ...ဖေ...ကို...လွမ်း..."
"သမီးဖေဖေက အခု သမီးကို ဆက်မမွေးနိုင်တော့ဘူး ကလေးလေးရယ်"