■Extra 1■
ဟိုးငယ်ငယ်တုန်းကတည်းက ရိုးသမှာ ပျော်ခဲ့ရတဲ့အချိန်တွေ အများကြီးမရှိခဲ့ဘူး ။
ဆင်းရဲတဲ့အဖေ့နားမှာ အကြာကြီးမနေနိုင်ခဲ့တဲ့အမေက ရိုးသ သိတတ်နားလည်စအရွယ်မှာပဲ အိမ်ပေါ်က ဆင်းသွားခဲ့တာ ။
ညနေဆို အရက်ပုလင်းဆွဲပြီး ဘုံဆိုင်ကို ရောက်သွားတတ်တဲ့အဖေက မူးလာတဲ့အခါ ရိုးသကိုဖက်ရင်း ခိုးပြီး ငိုတတ်တယ် ။
မင်း အမေကရော လို့ မေးလာတိုင်း ဖြေစရာပျောက်ရတဲ့အဖြစ်တွေက ဟိုးငယ်ငယ်ကတည်းကပါပဲ ။ရိုးသရဲ့ဘဝမှာ လောဘတက်မိတဲ့အရာရယ်လို့ အများကြီးမရှိဖူးပါဘူး ။ အမေ့ကို ပြန်ရရင်ကောင်းမယ်လို့ အကြိမ်ပေါင်းများစွာ စဥ်းစားမိပေမဲ့ အမေ ပြန်မလာတော့ဘူးဆိုတာ သူသိနေတာပဲလေ ။
"ရိုးသ...မင်း ငါ့ကို ခင်လား"
တစ်နေ့မှာ ရုတ်တရက်ကြီးစကားစလာတဲ့ သူ့ကိုတော့ ရိုးသ လောဘတက်မိပါတယ် ။
အခရာဦးနဲ့ ခင်ခင်မင်မင်နေခွင့်ရရင် ဘယ်လောက်များ ကောင်းလိုက်မလဲပေါ့ ။"ခင်ပါတယ်"
"ဒါဆို ဘာလို့ မင်းအိမ်ကို မခေါ်တာလဲ"
အခရာဦးရဲ့အမေးကို ဖြေဖို့ အချိန်နည်းနည်းယူလိုက်ရသေးတယ် ။ ဆင်းရဲတဲ့အိမ် ၊ အရက်သမားအဖေ ရှိတဲ့နေရာကို အခရာဦးလို ဆွေကြီးမျိုးကြီး သူဌေးသားလေးကို ခေါ်သွားရင် ဘာတွေများဖြစ်လာမှာလဲ ။
"ငါတို့အိမ်က ဆင်းရဲတယ်ကွ"
ရယ်ကျဲကျဲနဲ့ပြန်ဖြေလိုက်တော့ ရင်ထဲသိပ်မကောင်းလှတာကိုတော့ ရိုးသ ဘယ်သူ့ကိုမှ မပြောဖြစ်လိုက်ပါဘူး ။
"ဒါဖြင့် ငါ့အိမ်ကို လိုက်လည်ရမယ် မင်း..."
မငြင်းဆန်နိုင်တဲ့ဖိတ်ခေါ်မှုတွေကြောင့် ရိုးသ ပထမဆုံးအနေနဲ့ အခရာဦး အိမ်ကို ရောက်ဖူးသွားတယ် ဆိုပါတော့ ။ ကြားထားတဲ့အတိုင်း ခမ်းနားကြီးကျယ်လွန်းလို့ ဒီသူငယ်ချင်းအနားမှာ ငါ ရှိရောရှိသင့်ရဲ့လားလို့ တွေးမိတဲ့အထိပါပဲ ။
တကယ်တော့ အရာအားလုံးက အဲ့ဒီအချိန်ကတည်းက သတ်မှတ်ထားပြီးသားထင်ပါရဲ့ ။