■အခန်း(၄)■
"မင်းအဖေ ဆေးရုံတင်ထားရတယ်တဲ့ အခရာ"
ရိုးသယူဆောင်လာသော သတင်းစကားသည် အခရာ့ရင်ကို အစိတ်စိတ်အမွှာမွှာ ကွဲကြေစေပါသည် ။ အဖေသည် သူ့ဘဝတွင် အချစ်ရဆုံး အလေးစားရဆုံးသူဖြစ်ပြီး အားလည်းအားနာရပါ၏ ။
အဖေက သူ့ကို အများကြီး အားကိုးအားထားပါသော်လည်း သူကတော့ အဖေ့ရင်ကို ခြေစုံကန်ပြီး ထွက်ပြေးခဲ့တာလေ ။"အဖေ..."
ဆေးရုံပေါ်မှာ ငြိမ်သက်စွာ လှဲလျောင်းနေသော အဖေသည် အခရာ၏အသံကို ကြားနိုင်တော့မည်မဟုတ်ပါ ။ အဝတ်ဖြူလွှမ်းထားသော ရုပ်အလောင်းကို ဖက်ကာ ငိုကြွေးရုံကလွဲပြီး သူသည်လည်း ဘာမှ မတတ်နိုင်တော့ပါ ။
"သားဆိုးသားမိုက်...နင့်အဖေက နင့်စိတ်နဲ့ လွမ်းနာကျပြီးသေရတာ
နင် ထွက်သွားကတည်းက မစားနိုင်မသောက်နိုင်နဲ့ အခုတော့ အသက်ပါ ပါရပြီ
ငါ့အစ်ကိုရယ် သနားစရာကောင်းလိုက်တာ"ငိုရင်းပြောနေတဲ့သူ့အဒေါ်ကို ပြန်ဖြေစရာစကားတို့မရှိ ။ လက်သီးကိုတင်းတင်းဆုပ်ရင်း အံကြိတ်ကာငိုနေသည့်သူ့ကို အမေဖြစ်သူကတော့ ကြင်နာစွာ ထွေးပွေ့လာသည် ။
ရိုးသက အခန်းတံခါးကို အသာလေးပြန်ပိတ်ကာ ပါးပြင်ပေါ်က မျက်ရည်စက်ကို ဖိသုတ်လိုက်၏ ။ အခရာသည် သူ့တစ်ယောက်ကြောင့်နဲ့ ချစ်ခင်တွယ်တာရတဲ့မိသားစုကို စွန့်ပစ်ခဲ့သည် ။
"ဒါတွေအားလုံးက မင်းကြောင့်ပဲ မောင်ရိုးသ "
ဒေါ်မေနွယ်ဦး၏စကားများကို ရိုးသ မရင်ဆိုင်ရဲပါ ။
"အခရာဦးက ငါတို့မိသားစုမှာ မြေးဦး သားဦးမို့ တစ်မိသားစုလုံးက ချစ်ပြီးအလိုလိုက်ခဲ့ကြတယ် ၊ အထူးသဖြင့် သူ့အဖေက သူ့သားနဲ့ပတ်သက်ရင် မျှော်မှန်းချက် သိပ်ကိုကြီးတာ
ဒါပေမဲ့ မင်းက အားလုံးကို ဖျက်ဆီးခဲ့တယ်
ငါ့သားကလေ မျက်လုံးမှိတ်တဲ့အချိန်ထိ သူ့သား ပြန်လာမလားဆိုပြီးမျှော်နေခဲ့တာ"ရိုးသ မျက်နှာကို လက်ဖြင့်အုပ်ကာ ပွတ်သပ်လိုက်မိသည် ။ အခရာတို့မိသားစုသည် မိမိကြောင့်များ ဒီလိုအဖြစ်ဆိုးတွေကြုံခဲ့ရတာများလား...
°°°°°°°°°°
"ဒီနေ့ သားဖေဖေ နှစ်ပတ်လည်မို့ မေမေတို့ ဘုန်းကြီးကျောင်းမှာ အလှူ လုပ်ဖြစ်မယ်"
ကလေးကို ထမင်းကျွေးနေသော ဒေါ်မေနွယ်ဦးက ဘာစကားမှမပြောဘဲ အခရာ့မျက်နှာကို လှမ်းကြည့်သည် ။ အခရာက ထမင်းစားနေရင်းမှ ဇွန်းနဲ့ခက်ရင်းကို တင်းတင်းဆုပ်ကိုင်ထားကာ အကြာကြီးငြိမ်သက်နေ၏ ။
"အဲ့ဒီတုန်းက ကျွန်တော်သာ အဖေ့အနားမှာနေပြီး နိုင်ငံခြားမသွားဖြစ်အောင်တားနိုင်ခဲ့ရင် ၊ ဒါမှမဟုတ် ကျွန်တော် ကိုယ်တိုင်သာ သွားခဲ့ရင် အခုချိန်ထိ အဖေရှိနေဦးမှာထင်တယ်"
"သားကလည်းကွယ်...ဒီလိုတွေမတွေးပါနဲ့"
ဒေါ်ကေသီက သက်ပြင်းချရင်း ဒေါ်မေနွယ်ဦးကို လှမ်းကြည့်သည် ။ အဖြစ်မှန်တွေကို မေ့သွားပြီဖြစ်သော အခရာဦးသည် သူ့အဖေ နိုင်ငံခြားမှာ ကားမတော်တဆမှုကြောင့် ဆုံးပါးသွားရကြောင်း သိထားသည့်တိုင် ဒါကို သူ့အပြစ်မကင်းဟု ခံစားနေရဆဲဖြစ်သည် ။ အဖြစ်မှန်တွေကို သူ မှတ်မိလာရင် ဘယ်လိုများ လုပ်ရပါ့မလဲ...။။