■အခန်း(၁၀)■ ဇာတ်သိမ်းပိုင်း
"ဖွားကေသီ...ဒီအရောင်လေးဆို လှမလားဟင်"
"လှတော့လှပေမဲ့ မင်္ဂလာဆောင်နဲ့မလိုက်ဘူးလားလို့"
"ဟုတ်လား ဖွားကေသီက ဘာလေးကြိုက်တာလဲ"
မြေးအဖွားနှစ်ယောက် အင်္ကျီအရောင်ရွေးနေကြပုံကိုကြည့်ရင်း အခရာ ပြုံးမိသည် ။ အဖွားက ကျောင်းလွယ်အိတ် ရွေးပေးရတဲ့အရွယ်ကနေ မင်္ဂလာဝတ်စုံ ရွေးပေးရတဲ့အရွယ်တောင် ရောက်လာပြီပဲကိုး ။
"ပါးပါး ကျွန်တော် ပြောစရာရှိလို့"
သူ့ကို ပါးပါး လို့ခေါ်လာလေသော ကောင်လေးသည် သမီးလေး မဒ္ဒီ၏ ခင်ပွန်းလောင်းဖြစ်သည် ။ အရည်အချင်းလည်းရှိပြီး သမီးလေးအပေါ်လည်း အတော့်ကို မေတ္တာရှိပုံရတာမို့ အခရာ့ဘက်ကလည်း ခေါင်းညိတ်ပေးခဲ့သည် ။ သူ့တုန်းကလိုမျိုး သမီးလေးကို အချစ်ရဲ့ဒုက္ခတွေ မခံစားစေချင်ဘူးလေ ။
"မဒ္ဒီက သူ့အဖေအရင်းကို မင်္ဂလာဆောင် တက်စေချင်နေပုံရတယ်ပါးပါး"
ထိုအပြောကို အခရာခန့်မှန်းပြီးသားဖြစ်ပါသည် ။ အခရာကိုယ်တိုင်လည်း ရိုးသကို ရှိစေချင်သည် ။
"တကယ်တော့ ဒီတစ်လျှောက်လုံး ပါးပါးဘက်က ရိုးသကို ဆက်သွယ်ခဲ့ပါတယ် ။ ဖုန်းဆက်ရင် မကိုင်လို့ အမြဲ message ပို့ပြီး ဆက်သွယ်ခဲ့တယ်
မဒ္ဒီလေး ဘွဲ့ယူတုန်းကလည်း ပါးပါး ပြောပြခဲ့တာာပါပဲ လေယာဥ်လက်မှတ်ပို့ပေးရမလားလို့တောင် မေးခဲ့ပါသေးတယ်
ဒါပေမဲ့ သူက နေနိုင်လွန်းတယ်"အခရာက ဖုန်းကို သတို့သားလောင်းထံ ထိုးပေးလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည် ။
'မဒ္ဒီ ၁၀တန်းအောင်သွားပြီ ဂုဏ်ထူး ၃ဘာသာပါတယ်'
'ဟုတ်လား ဂုဏ်ယူပါတယ်'
'နောက် ၂ရက်နေရင် မဒ္ဒီ UK ကို သွားတော့မယ် မင်း ဘယ်မှာနေလဲ ခဏလောက်ဖြစ်ဖြစ် မျက်နှာလာပြပါလား'
'မဒ္ဒီ့ကို ဖေဖေက ဝမ်းသာတယ်ဆိုတဲ့အကြောင်း ပြောပေးပါ ၊ ငါကတော့ အလုပ်တွေရှုပ်နေလို့ မလာနိုင်ဘူးဖြစ်နေတယ်'