အချစ်ဦး

1.1K 84 0
                                    

လူ​ငယ်​တွေကြားမှာ အ​ပြောများတဲ့ ​ရှေးလူကြီး​တွေရဲ့ ဆိုရိုးစကားတစ်ခုရှိတယ်။ "အချစ်ဦးကို ​မြေးဦးရ​တောင်မ​မေ့"တဲ့။ ဒီစကားကို ​ဂျေး စစကြားချင်းတုန်းက ဘယ်လို​တောင် ရူး​ကြောင်​ကြောင်နိုင်လိုက်သလဲ ဟုပင်​တွေးမိသည်။ အချစ်ဦးလို့​ခေါ်ရမဲ့ အဲ့ဒီသူနဲ့ မ​တွေ့ခင်အချိန်ထိ​ပေါ့။

အင်း...အချစ်ဦး။ ရူး​လောက်​အောင်ချစ်တယ် ဆိုတဲ့စကားကို သူနဲ့မှနားလည်တာမျိုး။ သူ့နှုတ်ဖျားက​ထွက်တဲ့ "​ဂျေး" ​ခေါ်သံက အရာအားလုံးထက် ချိုမြိန်​နေတာမျိုး။ သွားစွယ်​လေး​တွေ​ပေါ်​အောင်ပြုံးလိုက်တဲ့အခါ တစ်​လောကလုံးက ​မှေးမှိန်သွားတာမျိုး။ အဲ့ဒီလိုသူ့ရဲ့အချစ်ဦး။ ​ခပ်နုနုနှလုံးသားမှာ နက်နက်ရှိုင်းရှိုင်းနစ်ဝင်ခဲ့တဲ့ သူ့ရဲ့အချစ်ဆူး။ ပတ်​ဆောင်းဟွန်းက ​ဂျေးရဲ့ အချစ်ဆူး။

-------

အဲ့တုန်းက ​ဂျေးက ဆယ့်​ခြောက်နှစ်အရွယ် မြီး​ကောင်​ပေါက်​လေး။ LA မှာနှစ်အ​တော်ကြာ​နေပြီးမှ မာမီရှိရာ ကိုရီးယားနိုင်ငံရဲ့ အီထယ်ဝန်ကို ​ပြောင်းလာတဲ့သူ့အတွက်​တော့ အရာအားလုံးက အစိမ်းသက်သက်ပဲ။ ​​​ပတ်ဝန်းကျင်အသစ်မှာ ​​​ဂျေးအ​နေခက်တာကို မာမီကသိ၍ထင်။ ​ဂျေးအတွက်သူငယ်ချင်းအသစ်ဆိုပြီး သူ့ကိုမိတ်ဆက်ပေးခဲ့သည်။

"​ဂျုံ​ဆောင်းနီး..။ သူက​ ပတ်​ဆောင်းဟွန်းတဲ့။ မာမီတို့နဲ့ သုံးအိမ်​ကျော်မှာ​​နေတာ​​လေ။ သားနဲ့ရွယ်တူပဲ။ သူငယ်ချင်းကိုနှုတ်ဆက်လိုက်ဦး​"

မာမီ့ဘေးနားမှာရပ်​နေတဲ့​ကောင်​လေးက ပိန်ပါးပါးဖြူအုအု​လေး။ အညို​ရောင်ဆံနွယ်က ခပ်အုပ်အုပ်နဲ့၊ မျက်လုံး​က ကြယ်​တွေလိုမျိုး လက်လက်၊ လက်လက်​ တောက်​နေ​သေးတယ်။ ဂျေး​တော့ အန်နာ​ပြော​ပြော​နေကျ မန်းဂထဲက ဇာတ်​ဆောင်မင်းသားဆိုတာကို ​ပြေးမြင်မိတာပဲ။

"​ဟေး!! ငါက ​ဂျေး"

"ငါက ​ဆောင်းဟွန်း။ ပတ်​ဆောင်းဟွန်း"

ခပ်တွန့်တွန့်ထွက်လာတဲ့ အသံက ချိုမြမြရှတတနဲ့။ ​အမြင်ကပ်စရာ​ကောင်း​လောက်​အောင်ကို အဘက်ဘက်ကပြည့်စုံ​နေ​တော့တာပဲ။ စာပါ​တော်ရင်​တော့ ဒီ​ကောင် လူမဟုတ်​လောက်ဘူး။

"​ဂျုံ​ဆောင်းကလည်း အထက်တန်းပထမနှစ် အခန်း(၁)မှာ တက်မှာ​လေ။ ​အန်တီတို့ကအလိုလိုက်ထား​တော့ သူကဂျစ်တစ်တစ်နဲ့နည်းနည်းဆိုးချင်တယ်ကွယ်။ ဆောင်းဟွန်းနီးကိုပဲအပ်ပါရဲ့။ အချင်းချင်း ရင်းရင်းနှီးနှီး​နေကြ​ပေါ့။ သား...မာမီအလုပ်ရှိ​သေးလို့သွား​တော့မယ်​နော်။ ​ညစာ စားထားနှင့်။ ဒီ​နေ့​နောက်ကျမှာ"

အလုပ်များတဲ့ မာမီကအမြဲအဲ့လိုပင်။ ထမင်းလက်ဆုံစားရသည်မှာ သူ​​ရောက်ကာစတစ်ရက်နှင့် ​ရောက်ပြီး​​နောက်တစ်ရက်သာဖြစ်သည်။ မာမီထွက်သွား​တော့ ဧည့်ခန်းထဲမှာ သူနဲ့အနှီမန်းဂဇာတ်လိုက်​ကောင် နှစ်​ယောက်တည်း။ အ​ခြေအ​နေက အင်မတန်ကိုးယိုးကားယားနိုင်လှသည်။

"မင်း ဂီတာတီးတတ်တာလား"

ခပ်တိုးတိုးထွက်လာတဲ့အသံ​လေး။ ​ဂျေး သူ့ကိုကြည့်လိုက်​​တော့ ဆိုဖာ​ပေါ်က ဂီတာကိုမျက်စပစ်ပြသည်။ အာ...ဟုတ်သား။ သူသိမ်းဖို့​မေ့သွားတာပဲ။

"နည်းနည်းပါးပါးပါ။ ငါကအနုပညာကိုစိတ်ဝင်စားလို့"

"ငါလည်းအနုပညာကို စိတ်ဝင်စားတယ်။ ဒါ​ပေမဲ့ တူရိယာက​​တော့ တစ်ခုမှမတီးတတ်ဘူး ဟား ဟား။ အမှန်အတိုင်း​ပြောရရင် ငါကသီချင်းဆိုရတာကိုပိုကြိုက်တာကွ။ မင်းတစ်ပုဒ်​လောက် တီးပြပါ့လား"

စိတ်ရှုပ်စရာ​လေထုက အခုမှ​လျော့ကျသွားသလို။ ​ဂျေးရဲ့ လက်သွယ်သွယ်တို့က ဂီတာကြိုး​တွေ​ပေါ်မှာ​ပြေးလွှားလျက်။ ခပ်ချိုချိုဂီတာသံက ငြိမ့်ငြိမ့်​ညောင်း​ညောင်းက​လေး။ ​​ခေါင်းက​လေးလှုပ်ကာ လှုပ်ကာနဲ့ စည်းချက်လိုက်​နေတဲ့ ဘေးနားက ​ကောင်​လေးရဲ့ ခပ်တိုးတိုး သီချင်းညည်းသံကို ကြား​နေရသည်။ ​​

နွေဦးရဲ့ ​လေအ​ဝေ့မှာ သစ်ရွက်​တွေက ​လွင့်ကနဲ။ ပြတင်းဝက ခပ်​သေး​သေးဖူရင်း​လေးက ချွင်ကနဲ။ နုငယ်ငယ်နှလုံးသားဆီကို တစ်စုံတစ်​ယောက်က  You are my sunshine သီချင်းသံကို အ​​ဖော်ပြုလို့ တိုးတိုးတိတ်တိတ်နဲ့ခရီးနှင်တယ်။

--------

A story named 𝑪𝒂𝒎𝒆𝒍𝒍𝒊𝒂 Where stories live. Discover now