- အထက်တန်းပထမနှစ် -
ဆယ်ကျော်သက်ဘဝရဲ့ အလှဆုံးအမှတ်တရလို့ မေးလာခဲ့လျှင် အဖြေမှန်သမျှဟာ ပတ်ဆောင်းဟွန်းနဲ့အတူ ဆိုတဲ့ခေါင်းစဥ်အောက်မှာဘဲ ရှိနေလောက်တယ်။ မနက်မိုးလင်းအိမ်ကနေထွက်၊ လမ်းထိပ်မှာ ပြောင်းဖူးပေါက်ပေါက်ဝယ်ပြီး ကျောင်းအတူသွားတာကနေစလို့ ညနေစောင်း စက်ဘီးနဲ့အတူအိမ်ပြန်တဲ့အချိန်ထိ။ သူ့တစ်နေတာလုံးမှာ ပတ်ဆောင်းဟွန်းက ပါဝင်ပတ်သက်နေတာချည်း။
အရာရာကို လက်တည့်စမ်းချင်တဲ့အရွယ်ပီပီ သူတို့နှစ်ယောက်က ဗရုတ်ကျသည့်နေရာမှာ သူမတူအောင်လည်း အတွဲညီလှသည်။ နေ့လည်ကန်တင်းမှာ ထမင်းစားဖို့တန်းစီတဲ့အခါ နှစ်ခါပြန်တန်းပြီး ဟင်းပိုယူတာမျိုး။ တစ်ခါတလေ ဒေါသကြီးတဲ့ အပျိုကြီးကင်ဆီမှာ မိသွားတဲ့အခါကျရင်တော့ နှစ်ယောက်သား အစွမ်းကုန်သွားဖြဲလို့ ဖားရတော့တာပဲ။
စာကလွဲရင် အရာရာကိုစိတ်ဝင်စားတဲ့အရွယ်လို့ သတ်မှတ်ရမလားပဲ။ ကျောင်းလစ်ပြီး ဂိမ်းဆိုင်မှာ နေကုန်ဆော့တဲ့အခါမျိုးဆိုလည်း အတူတူ။ ဘောလုံးကွင်းနောက်က စာသင်ခုံအဟောင်းတွေထားတဲ့ စတိုခန်းမှာ ဆေးလိပ်ခိုးသောက်တော့လည်း အတူတူ။ ပတ်ဆောင်းဟွန်းဟာ ဆယ့်ခြောက်နှစ်အရွယ် ဂျေးအတွက်တော့ အတန်းဖော်လည်းဖြစ်သလို ရဲဖော်ရဲဖက်ကောင်းလည်း ဖြစ်တယ်။
--------
အရာအားလုံးက အဲ့နေ့ကစတင်ခဲ့တယ်။ ဆောင်းဟွန်းရဲ့ ရေခဲပြင်စကိတ်အားကစား နိုင်ငံအဆင့်ပြိုင်ပွဲနေ့။ ဆောင်းဟွန်းနဲ့သူငယ်ချင်းလုပ်ခဲ့မိတာဟာ ပထမအကြိမ်အမှားဆို သူ့ရဲ့ဆိုးတူကောင်းဖက်သူငယ်ချင်းတစ်ယောက်အနေနဲ့ သွားအားပေးဖို့လုပ်ခဲ့ခြင်းဟာ ဒုတိယအကြိမ်မြောက်ရွေးချယ်မှုအမှား ဖြစ်ခဲ့ခြင်းပင်။ အင်း...အချိန်တွေနောက်ပြန်ဆုတ်ခွင့်ရတောင် ထပ်ခါတလဲလဲလုပ်မိမဲ့ အမှားလှလှလေးပေါ့။
"Next to skate, representing the Republic of Korea, Sunghoon Park!!"
ပွဲစဥ်စီသူ၏ကြေငြာသံအဆုံး အမြင်အာရုံထဲ ဝင်ရောက်လာပါသော နီစွေးစွေးအရိပ်ငယ်လေး။ ပြောရမယ်ဆို သူ့အနေနဲ့ ဒါက ဆောင်းဟွန်းရေခဲပြင်စကိတ်စီးတာကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းပဲ။ ချောမွေ့ပြောင်လက်နေတဲ့ ရေခဲပြင်ထက်မှာ ဆောင်းဟွန်းက ကြွကြွရွရွကလေး။ အချိုးအစားလှတဲ့ ခပ်မြင့်မြင့်ခန္ဓာကိုယ်က အနီီရင့်ရင့်ရှပ်အင်္ကျီနဲ့ ပနံသင့်လျက်။ ရေခဲပြင်ပေါ်က ပတ်ဆောင်းဟွန်းက အရှိန်အဝါတစ်ခုနှင့် အင်မတန်တောက်ပလွန်းလှသည်။
YOU ARE READING
A story named 𝑪𝒂𝒎𝒆𝒍𝒍𝒊𝒂
Fanfictionအတိတ်စာမျက်နှာတွေကို ပြန်လှန်ကြည့်တဲ့အခါ.. -JAYHOON Fanfiction -Written in Burmese (Unicode Only)