လူငယ်တွေကြားမှာ အပြောများတဲ့ ရှေးလူကြီးတွေရဲ့ ဆိုရိုးစကားတစ်ခုရှိတယ်။ "အချစ်ဦးကို မြေးဦးရတောင်မမေ့"တဲ့။ ဒီစကားကို ဂျေး စစကြားချင်းတုန်းက ဘယ်လိုတောင် ရူးကြောင်ကြောင်နိုင်လိုက်သလဲ ဟုပင်တွေးမိသည်။ အချစ်ဦးလို့ခေါ်ရမဲ့ အဲ့ဒီသူနဲ့ မတွေ့ခင်အချိန်ထိပေါ့။
အင်း...အချစ်ဦး။ ရူးလောက်အောင်ချစ်တယ် ဆိုတဲ့စကားကို သူနဲ့မှနားလည်တာမျိုး။ သူ့နှုတ်ဖျားကထွက်တဲ့ "ဂျေး" ခေါ်သံက အရာအားလုံးထက် ချိုမြိန်နေတာမျိုး။ သွားစွယ်လေးတွေပေါ်အောင်ပြုံးလိုက်တဲ့အခါ တစ်လောကလုံးက မှေးမှိန်သွားတာမျိုး။ အဲ့ဒီလိုသူ့ရဲ့အချစ်ဦး။ ခပ်နုနုနှလုံးသားမှာ နက်နက်ရှိုင်းရှိုင်းနစ်ဝင်ခဲ့တဲ့ သူ့ရဲ့အချစ်ဆူး။ ပတ်ဆောင်းဟွန်းက ဂျေးရဲ့ အချစ်ဆူး။
-------
အဲ့တုန်းက ဂျေးက ဆယ့်ခြောက်နှစ်အရွယ် မြီးကောင်ပေါက်လေး။ LA မှာနှစ်အတော်ကြာနေပြီးမှ မာမီရှိရာ ကိုရီးယားနိုင်ငံရဲ့ အီထယ်ဝန်ကို ပြောင်းလာတဲ့သူ့အတွက်တော့ အရာအားလုံးက အစိမ်းသက်သက်ပဲ။ ပတ်ဝန်းကျင်အသစ်မှာ ဂျေးအနေခက်တာကို မာမီကသိ၍ထင်။ ဂျေးအတွက်သူငယ်ချင်းအသစ်ဆိုပြီး သူ့ကိုမိတ်ဆက်ပေးခဲ့သည်။
"ဂျုံဆောင်းနီး..။ သူက ပတ်ဆောင်းဟွန်းတဲ့။ မာမီတို့နဲ့ သုံးအိမ်ကျော်မှာနေတာလေ။ သားနဲ့ရွယ်တူပဲ။ သူငယ်ချင်းကိုနှုတ်ဆက်လိုက်ဦး"
မာမီ့ဘေးနားမှာရပ်နေတဲ့ကောင်လေးက ပိန်ပါးပါးဖြူအုအုလေး။ အညိုရောင်ဆံနွယ်က ခပ်အုပ်အုပ်နဲ့၊ မျက်လုံးက ကြယ်တွေလိုမျိုး လက်လက်၊ လက်လက် တောက်နေသေးတယ်။ ဂျေးတော့ အန်နာပြောပြောနေကျ မန်းဂထဲက ဇာတ်ဆောင်မင်းသားဆိုတာကို ပြေးမြင်မိတာပဲ။
"ဟေး!! ငါက ဂျေး"
"ငါက ဆောင်းဟွန်း။ ပတ်ဆောင်းဟွန်း"
ခပ်တွန့်တွန့်ထွက်လာတဲ့ အသံက ချိုမြမြရှတတနဲ့။ အမြင်ကပ်စရာကောင်းလောက်အောင်ကို အဘက်ဘက်ကပြည့်စုံနေတော့တာပဲ။ စာပါတော်ရင်တော့ ဒီကောင် လူမဟုတ်လောက်ဘူး။
"ဂျုံဆောင်းကလည်း အထက်တန်းပထမနှစ် အခန်း(၁)မှာ တက်မှာလေ။ အန်တီတို့ကအလိုလိုက်ထားတော့ သူကဂျစ်တစ်တစ်နဲ့နည်းနည်းဆိုးချင်တယ်ကွယ်။ ဆောင်းဟွန်းနီးကိုပဲအပ်ပါရဲ့။ အချင်းချင်း ရင်းရင်းနှီးနှီးနေကြပေါ့။ သား...မာမီအလုပ်ရှိသေးလို့သွားတော့မယ်နော်။ ညစာ စားထားနှင့်။ ဒီနေ့နောက်ကျမှာ"
အလုပ်များတဲ့ မာမီကအမြဲအဲ့လိုပင်။ ထမင်းလက်ဆုံစားရသည်မှာ သူရောက်ကာစတစ်ရက်နှင့် ရောက်ပြီးနောက်တစ်ရက်သာဖြစ်သည်။ မာမီထွက်သွားတော့ ဧည့်ခန်းထဲမှာ သူနဲ့အနှီမန်းဂဇာတ်လိုက်ကောင် နှစ်ယောက်တည်း။ အခြေအနေက အင်မတန်ကိုးယိုးကားယားနိုင်လှသည်။
"မင်း ဂီတာတီးတတ်တာလား"
ခပ်တိုးတိုးထွက်လာတဲ့အသံလေး။ ဂျေး သူ့ကိုကြည့်လိုက်တော့ ဆိုဖာပေါ်က ဂီတာကိုမျက်စပစ်ပြသည်။ အာ...ဟုတ်သား။ သူသိမ်းဖို့မေ့သွားတာပဲ။
"နည်းနည်းပါးပါးပါ။ ငါကအနုပညာကိုစိတ်ဝင်စားလို့"
"ငါလည်းအနုပညာကို စိတ်ဝင်စားတယ်။ ဒါပေမဲ့ တူရိယာကတော့ တစ်ခုမှမတီးတတ်ဘူး ဟား ဟား။ အမှန်အတိုင်းပြောရရင် ငါကသီချင်းဆိုရတာကိုပိုကြိုက်တာကွ။ မင်းတစ်ပုဒ်လောက် တီးပြပါ့လား"
စိတ်ရှုပ်စရာလေထုက အခုမှလျော့ကျသွားသလို။ ဂျေးရဲ့ လက်သွယ်သွယ်တို့က ဂီတာကြိုးတွေပေါ်မှာပြေးလွှားလျက်။ ခပ်ချိုချိုဂီတာသံက ငြိမ့်ငြိမ့်ညောင်းညောင်းကလေး။ ခေါင်းကလေးလှုပ်ကာ လှုပ်ကာနဲ့ စည်းချက်လိုက်နေတဲ့ ဘေးနားက ကောင်လေးရဲ့ ခပ်တိုးတိုး သီချင်းညည်းသံကို ကြားနေရသည်။
နွေဦးရဲ့ လေအဝေ့မှာ သစ်ရွက်တွေက လွင့်ကနဲ။ ပြတင်းဝက ခပ်သေးသေးဖူရင်းလေးက ချွင်ကနဲ။ နုငယ်ငယ်နှလုံးသားဆီကို တစ်စုံတစ်ယောက်က You are my sunshine သီချင်းသံကို အဖော်ပြုလို့ တိုးတိုးတိတ်တိတ်နဲ့ခရီးနှင်တယ်။
--------
YOU ARE READING
A story named 𝑪𝒂𝒎𝒆𝒍𝒍𝒊𝒂
Fanfictionအတိတ်စာမျက်နှာတွေကို ပြန်လှန်ကြည့်တဲ့အခါ.. -JAYHOON Fanfiction -Written in Burmese (Unicode Only)