အခန်း (၁၅၆၅ ) : ကျမ ရှင့်ကို မလိုချင်ဘူး။ မလိုချင်ဘူး
စနိတ်ခ်က ဂူမန်မန်ကို လွှတ်ပေးကာ ဒူးတစ်ဖက်ထောက်ရင်း ဂူမန်မန်ကို မော့ကြည့်ကာ ပြောလိုက်သည်
“ မန်(၂) ကိုယ့်တစ်သက်မှာ တစ်ခါပဲ လက်ထပ်ခွင့် တောင်းမယ်ဆိုပြီးတော့ ကိုယ် ပြောခဲ့ဖူးတယ်လေ။ ကိုယ့်ကို လက်ထပ်ပါနော်”
“ ရှင် စောစောကပြောတဲ့ ပုံရိပ်ယောင်ဆိုတာက…..”
စနိတ်ခ်က ဒူးထောက်ထားရင်း ပြုံးကာ ဖြေလိုက်သည်
“ မင်း ဒီမှာ ရောက်လာတယ်ဆိုတာက အချိန်နဲ့နေရာတွေရဲ့တံခါးပွင့်သွားတယ်လို့ ဆိုလိုတာနဲ့ အတူတူပဲ။ ဒါက မင်းရဲ့မူလ ကမ္ဘာလေ။ မင်းရဲ့မိသားစုနဲ့ သူငယ်ချင်းတွေလည်း ဒီကမ္ဘာမှာ ရှိတယ်လေ။ မင်းသာ ဒီကမ္ဘာကို ပြန်လာချင်တယ်ဆိုရင် ကိုယ်ဒီမှာ နေခဲ့တဲ့ ၁၉နှစ်တာ ကာလလုံးက မင်းရဲ့မှတ်ဉာဏ် ဖြစ်သွားပြီးတော့ ကိုယ်က မင်းကို တစ်သက်လုံး ပျော်ရွှင်အောင် ထားသွားမှာ။
ဒါပေမဲ့…တကယ်လို့…တကယ်လို့ မင်းသာ သားရဲကမ္ဘာကိုပဲ ပြန်သွားချင်တယ် ဆိုရင်တော့…ဒီမှာ ဖြစ်ပျက်ခဲ့တာတွေအကုန်လုံးက ပုံရိပ်ယောင် သက်သက်တစ်ခု ဖြစ်သွားပြီးတော့ ၁၉နှစ်တာ ကာလတစ်ခုလုံးကို အသုံးပြုထားတဲ့ အိပ်မက်တစ်ခု ဖြစ်သွားမှာ”
စနိတ်ခ်က လက်စွပ်ဘူးကို ဖွင့်လိုက်တော့ သည်းခြေအိတ်တစ်ခုထဲသာ ရှိသော မြွေနှစ်ကောင်ပုံစံ လက်စွပ်ကို တွေ့လိုက်ရသည်။
လက်စွပ်နှစ်ခုကို ပေါင်းလိုက်ပါက ပြီးပြည့်စုံသွားပြီး သူတို့ကို ခွဲလိုက်ပါက သည်းခြေအိတ်က အမျိုးသမီးဆီ ပါသွားပြီး အမျိုးသားကတော့ သည်းခြေအိတ် မရှိသည့် သေနေသောမြွေ၏ လက်စွပ်ပုံစံကို ဝတ်ထားရမည် ဖြစ်သည်။
“ မန်(၂) ကိုယ် မင်းကို ထပ်ပြီး မဆုံးရှုံးပါရစေနဲ့တော့။ ကိုယ့်ကို လက်ထပ်ပါကွာ…နော်”
ဂူမန်မန်ရဲ့စိတ်ထဲမှာ မရေတွက်နိုင်သော အမှတ်တရတွေကို မြင်နေရသည်။ သားရဲနတ်ဘုရားနဲ့ အတူတူကြည့်ခဲ့သော ဇာတ်လမ်းတွဲက သူမရဲ့ကိုယ်ပိုင်မှတ်ဉာဏ် ဖြစ်လာပြီး စနိတ်ခ်နဲ့တွဲခဲ့သူက သူမ ဖြစ်ခဲ့သည်ဟု ခံစားလာရသည်။