Mg ❤ Yone (8)

3.6K 369 21
                                    

မောင့်နှုတ်ခမ်းပါးလေးတွေက ပြေပြေလေးပြုံးလို့။ ပုံမှန်ဆိုတည်ကြည်လွန်းတဲ့မောင်က တချိန်လုံးအပြုံးမသတ်နိုင်ဘဲ အပြုံးတွေနဲ့သတ်နေသည်။ တချက်တချက် တစွန်းတစထွက်လာသည့်ရယ်သံတိုးဖွဖွလေးက နူးနူးညံ့ညံ့။

" ပြတင်းပေါက်နားကကောင်လေးက သိပ်ကြည့်လို့ကောင်းတာပဲ "

မောင့်ကိုတစိမ့်စိမ့်ငေးနေရင်း ကြားလိုက်ရတဲ့တီးတိုးသံဟာ ရုံ့နားပါးပါးလေးထံကို ခပ်မြန်မြန်ပင်ရိုက်ခတ်လာသည်။ စူးစမ်းလေ့လာကြည့်တော့ သူတို့ မောင့်ကိုကြည့်ပြီးပြောနေကြတာအမှန်ပင်။ ဒါတွေကို မောင်က သိမည်မထင်။ကြားမည်မထင်။မောင်ဟာပြုံးမြဲပြုံး၍သာနေသည်။

ရုံ သဝန်တိုပါသည်။မောင့်ကိုအကောင်းဘက်ကပြောနေသည်ပဲဆိုဆို ရုံသဘောမကျပါ။ မောင့်ကိုရုံတစ်ယောက်သာ တစိမ့်စိမ့်ကြည့်ချင်ပါသည်။တမြေ့မြေ့ငေးချင်ပါသည်။တသသလွမ်းချင်ပါသည်။

" ဆက်မာန်ဟိန်း မပြုံးနဲ့ "

ရုံ့ရဲ့ဆူအောင့်အောင့်အသံကြောင့်မောင်ဟာ နားမလည်ဟန်ကြည့်လာသည်။

" ဘာလို့တအားပြုံးနေတာလဲ စောင်ခြုံထားအေးတယ် "

ခရီးသည်တွေအတွက်ပေးထားသောစောင်ကို သဝန်တိုစိတ်အပြည့်နှင့် မောင့်ခေါင်းပေါ်အုပ်တင်လိုက်သည်။ မောင့်ထံမှ " ဘာတွေစိတ်မကြည်သလဲ ရုံ " ဆိုတဲ့ခပ်နွေးနွေးအသံ ထွက်လာသည်။

" မပြုံးနဲ့ သူများတွေ မင်းကိုကြည့်နေတာ မင်းသိရဲ့လား "

မောင်က ခပ်ဖွဖွပြုံးလိုက်ပြီး စောင်ကိုနှစ်ယောက်လုံး၏ပေါင်ထက်ဖြန့်ကာလွှမ်းခြုံလိုက်သည်။

" ဟင့်အင်း ရုံကြည့်နေတာတော့ မောင်သိသားပဲ "

ကိုယ့်ချစ်သူကို လွတ်လွတ်လပ်လပ် ငေးမောခွင့်ရှိတယ်ဆိုသော်ငြားလည်း မောင်သိနေတယ်ဆိုတဲ့ အသိက အပြစ်လုပ်ထားမိသလိုမဝံ့မရဲလူကိုရှက်မိစေသည်။

" ငါ ငါ ဘယ်မှာကြည့်လို့လဲ "

စကားပြိုင်ပြောတတ်တဲ့အကျင့်မရှိသည့်မောင်က ထိုအချင်းအရာနဲ့ပတ်သက်လို့ ဘာမှဆက်ပြီးပြောမလာတော့။

" စေတနာရုံ ခြုံကာလွှမ်းလို့ မောင့်မေတ္တာဝေ"Where stories live. Discover now