အပိုင်း- ၂၀

5.3K 159 3
                                    


ဥပုသ်နေ့ဖြစ်၍ အမက အိမ်တွင်မရှိ။

မနက်မိုးလင်းကတည်းက ယောဂီထဘီနှင့် အင်္ကျီအဖြူကိုဝတ်ကာ ဘုန်းတော်ကြီးကျောင်းဆီ သီလယူရန်သွားလေသည်မို့ အိမ်ထဲ၌အစိုးတစ်ယောက်တည်းဖြစ်သည်။

သို့ပေသိ အစိုး ယောင်လည်လည်ဖြစ်မနေပါ။
အိမ်အတွင်းထဲသာမက ခြံဝန်းထဲရှိမြေနေရာအနှံ့ကို တံမြတ်လှည်းရသည်။

မိုးလင်းကတည်းက တကုပ်ကုပ်ဖြင့် အလုပ်ကောင်းနေသူ အစိုးကြောင့် သုံးပင်အိမ်ငယ်လေး၏အောက်ရှိ
အဆင့်လေးသာမက အိမ်ဝန်းအပြင်ဘက်မြေပြင်လေးပါ သန့်ရှင်းတောက်ပြောင်ကာသပ်ရပ်နေတော့သည်။

ထို့နောက် ချက်ရေးပြုတ်ရေးအတွက် စီမံရပြန်သည်။

အမက ထမင်းတစ်အိုးသာ ချသွားနိုင်၍ ဟင်းချက်ရန်သည် အစိုး၏တာဝန်ဖြစ်လာလေ၏။

ရှေ့ဦးစွာ အိမ်ရှေ့ရှိ ကန်စွန်းခင်းမှ ကန်စွန်းရွက်အချို့ကိုခူးကာ ကျောက်ဖရုံသီးကိုပါအနည်းငယ် ပါးပါးလှီး၍ မန်ကျည်းမှည့်လောင်းကာ ချဉ်ရည်ဟင်းချက်လိုက်သည်။

ချဉ်ရည်ဟင်းနှင့်လိုက်ဖက်စေရန် ငရုပ်သီးနှင့်ဆားကိုထောင်းကာ ကြက်သွန်နီကိုပါးပါးလှီး၍ ဆီစမ်းထားလိုက်သေး၏။

ကြက်ဥနှစ်လုံးကို ဆူးပုတ်ရွက်ကလေးနှင့်ကြော်လိုက်သည့်အခါ အစိုး၏ပြင်ဆင်မှုအဆုံးသတ်သွားလေပြီ။

ကျက်သွားသည့်ဟင်းအားလုံးကို ပန်းကန်ကိုယ်စီထဲ အသီးသီးထည့်ကာ ကြောင်အိမ်ထဲသို့သွင်းပြီး တံခါးလေးကိုအသာပြန်ပိတ်လိုက်သည်။

တစ်လက်စတည်း ချက်ပြုတ်ကြော်လှော်ထားသည့် ဒန်အိုးနှင့် ဒယ်ပိုင်းကိုပါ ဖွဲပြာအနည်းငယ်နှင့် ပြောင်ဝင်းသည်အထိ စိတ်ရှည်လက်ရှည်တိုက်နေလိုက်လေသည်။

ယောပုဆိုးကိုခပ်တိုတိုနှင့် ကော်လံပါဖျင်အင်္ကျီလက်တိုကို ကြယ်သီးအပြည့်တပ်ကာဝတ်ဆင်ထားသည့် အစိုးက မနက်ခင်းလေပြည်အောက်ဝယ် ပေါ့ပါးကာ ရွှင်မြူးတက်ကြွနေ၏။

အိမ်သန့်ရှင်းရေးနှင့် ချက်ပြုတ်ရေးပြီးသည့်အခါ အစိုး၏ မူရင်းအလုပ်နေရာဖြစ်သည့် အိမ်အနောက်ဘက်ရှိ သကြားပင်အောက်ဆီသာ ဦးတည်လိုက်သည်။

အမောင် / အမောင်​ ( Completed )Where stories live. Discover now