မနက်ခင်း၏နေရောင်ခြည်က ရေနံဝနေသည့် နှစ်ဆောင်ပြိုင်နှစ်ထပ်အိမ်ကြီးတစ်ခုလုံးဆီ ဖြာကျလျှက်...နှစ်ထပ်အိမ်ကြီး၏ အပေါ်ထပ်မှ ခပ်ဟဟဖွင့်ထားသည့် ပြတင်းတံခါးမှတစ်ဆင့် ရွှေဝါရောင်ကတ္တီပါစောင်ကြီးလွှမ်းခြုံထားသည့် လူသားနှစ်ဦးထံ အလည်ရောက်ကာထိတွေ့လာခိုက်...
ခပ်နွေးနွေးနေရောင်ကြောင့် အိပ်ရာထက်မှ အစိုး၏မျက်တောင်လေးများက လှုပ်စိလှုပ်စိလေးဖြစ်လာရ၏။
မျက်တောင်လေးများကို အားယူကာဖွင့်ကြည့်မိရင်း ဘေးတစ်ခြမ်းဆီ စောင်းလိုက်မိသည့်အခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲ အမောင့်ကို တွေ့လိုက်ရသည်မို့ အစိုးနှုတ်ခမ်းလေးများက လွန့်လွန့်ကလေး ပြုံးလာမိသည်။
အမောင်က ပက်လက်အနေအထားဖြင့် ငြိမ်သက်နေဆဲဖြစ်ကာ အသက်ရှူသံသဲ့သဲ့ကပင် ခပ်မှန်မှန်လေးထွက်ပေါ်ဆဲ...
အိပ်နေဆဲပုံစံတွင်ပင် အမောင်က အလွန်ချောမောကြောင်း ဝန်ခံရမည်သာ...
အစဉ်အမြဲ ပိပိရိရိလေးဖြီးထားတတ်သော နက်မှောင်နေသည့် တိုတိတိဆံစတို့က အမောင့်မျက်နှာအချို့ကိုပင် အုပ်နေသယောင်ဖြစ်ကာ ဖွာလန်ကြဲနေသော်လည်း အသွင်တစ်မျိုးဆန်းကာ ကြည့်ကောင်းနေမြဲ...
ထူထူထဲထဲ မျက်ခုံးတန်းအောက်မှ မျက်မှန်နှင့်ဖုံးကွယ်နေကျ စူးရှရှမျက်ဝန်းများကိုမူ ယခုအချိန်၌ မိုမောက်မောက်မျက်ခွံတို့က တစ်ဖန်ပိတ်ဆို့ထားပြန်၏။
အချိန်ပြည့်နီးပါးတပ်ဆင်ထားသည့် မျက်မှန်ကြောင့် ခပ်ဖောင်းဖောင်းနားထင်လေး၌ပင် မျက်မှန်ကိုင်းရာလေးအဖြစ် ချိုင့်ဝင်လျှက်...
ထူထူပြည့်ပြည့် နှုတ်ခမ်းတို့က အနည်းငယ်မျှပင် ပွင့်ဟမနေဘဲ ပြေလျော့လျော့လေးသာ စေ့ပိတ်ထားဆဲ။
မြင်ရခဲသည့် အမောင့်မူရင်းပုံစံလေးကို ကြည့်မဝစွာ အစိုးငေးနေမိ၏။
ကြည့်လေ ကြည့်လေ ချစ်လေ
ကြည့်လေ ကြည့်လေ ချောလေ
ကြည့်လေ ကြည့်လေ ကြည့်မဝလေချောမောသည့်ယောကျ်ား...
အရာရာပြီးပြည့်စုံသည့်ယောက်ျား...
ထို့ထက် အစိုးကိုချစ်ပေးသည့်ယောကျ်ား...
YOU ARE READING
အမောင် / အေမာင္ ( Completed )
Historical FictionCover- edited from google Start Date -22.4.22 End Date- 22.3.23 အနံ့သင်းတဲ့ သဇင်မင်းကမှ ပန်းထင်သလား မထင်ပါနဲ့ အဲလိုမထင်ပါနဲ့ အနံ့မဖက်တဲ့ သပြေခက်ကလဲ ပန်းတစ်မျိုးပါလေ ဖိုမချစ်ခြင်းမှ ချစ်ခြင်းမည်တာမဟုတ်ဘဲ ရုတ်တရက်ဆန်စွာဖြစ်လာတဲ့ လိင်တူကြားကမေတ္တာကလဲ...