အပိုင်း - ၄၂

3.1K 103 4
                                    

လပြည့်ကျော်ရက်ဖြစ်၍ ခပ်ဟဟပွင့်နေသည့်ပြတင်းတံခါးမှ ဝင်ရောက်လာသည့်လရောင်လေးက ဧည့်ခန်းမှစားပွဲပေါ်ဖြာကျနေလျှက်...

တစ်ချက်တစ်ချက် ပေါ်လာတတ်သည့် ညဥ့်ငှက်အော်သံနှင့် ဆွဲဆွဲငင်ငင်ထအူတတ်သည့် ခွေးအူသံမှအပ အရာရာသည် ငြိမ်သက်တိတ်ဆိတ်နေဆဲ...

ထိုအခိုက် ခပ်ပြင်းပြင်းတိုက်ခတ်လာသည့် ဆောင်းလေကြမ်းကြောင့် စားပွဲခုံထက်မှ သတင်းစာရွက်တို့က တဖျပ်ဖျပ်ရိုက်ခတ်လှုပ်ရှားလာ၏။

သတင်းစာရွက်သည်သာမက စားပွဲခုံတစ်နေရာရှိ စီးကရက်တိုလေးမှာလည်း ကြိုးဆွဲရာကရသည့် ရုပ်သေးရုပ်အလား လေ၏လားရာအတိုင်း ဟိုမှသည် သည်မှဟို ယိမ်းထိုးပြေးလွှားနေရရှာလေသည်။

စားပွဲခုံတစ်ခုလုံး ခေါက်တုံ့ခေါက်ပြန်ပြေးလွှားနေရင်းမှ ရုတ်တရက်ဆိုသကဲ့သို့ပင် သတင်းစာထပ်တစ်ခုဆီ ပြေးကပ်မိကာ စီးကရက်လေးငြိမ်သက်သွားပြန်၏။

စီးကရက်လေးကား ငြိမ်သက်သွားလေ၏။
သို့တစေ စီးကရက်တိုမှစွဲလက်စ မီးစလေးကား ငြိမ်သက်မနေပါချေ...

ထိကပ်နေသည့် သတင်းစာအထပ်ဆီ တစ်စထက်တစ်စ ကူးလူးသွားပြီးနောက် သတင်းစာရွက်ကလေးကား ချက်ချင်းဆိုသကဲ့သို့ လျှင်လျှင်မြန်မြန် မီးကူးစွဲသွားပါလေ၏။

ပြတင်းတံခါးမှ ဆက်လက်တိုက်ခတ်နေဆဲလေကြောင့် သတင်းစာမှမီးစမှာ တဖြည်းဖြည်းကြီးထွားသည်ထက်ကြီးထွားလာကာ မီးတောက်အဖြစ်ကူးပြောင်းခြင်းဆီသို့...

လေကား တစ်စထက်တစ်စ ပြင်းထန်လာ၏။
သတင်းစာမှစာရွက်တိုင်းလည်း မီးစွဲနေလေပြီ။

မီးတောက်လေးသည် စားပွဲခုံသစ်သားလေးကိုပါ ကူးစက်စပြုလာ၏။

သတင်းစာ၏ထက်ဝက်ကျော်နီးပါး မီးစွဲလောင်သွားကာ စားပွဲမှမီးတောက်ငယ်မှာလည်း စားပွဲခုံအပေါ်ယံသစ်သားစအချို့အားသာ မီးလောင်ရာဖြစ်စေပြီး ရပ်တန့်သွားလုနီးပါးဖြစ်သွားပြန်သည်။

သို့သော်ငြား ကံဆိုးစွာဖြင့် ထိုမျှနှင့်ရပ်တန့်မနေ။

ပို၍ကြမ်းလာသည့်လေပြင်းကြောင့် သတင်းစာရွက်များ ဖရိုဖရဲပြန့်ကျဲသွားကာ စာရွက်အချို့ပင် စားပွဲခုံအောက်အထိ ပျံ့နှံ့ရောက်ရှိသွားပြီးနောက်...

အမောင် / အမောင်​ ( Completed )Where stories live. Discover now