အပိုင်း - ၃၈

11.3K 1K 26
                                    


ရက်အနည်းငယ် ကြာလာသည်နှင့်အမျှ အစိုးတစ်ယောက် ဤအိမ်ကြီးနှင့် အတော်အတန်အထိ ရင်းနှီးကျွမ်းဝင်လာပြီဖြစ်လေသည်။

အထူးသဖြင့် ရုံးဖွင့်ရက်မနက်များ၌ အမောင့်ကိုခြံဝအထိလိုက်ပို့ကာ ညနေ ပြန်လာချိန်တိုင်း စောင့်နေတတ်သည်ကလည်း အစိုး၏ အကျင့်အသစ်လေးတစ်ခု ဖြစ်လာရလေပြီ။

ယခင်က အမျိုးသားနှစ်ဦးတည်းသာနေခဲ့ကာ အစဉ်သဖြင့်ခြောက်သွေ့နေခဲ့သည့် အိမ်ကြီးမှာလည်း အစိုးရောက်လာမှပင် စကားပြောသံ၊ ရယ်မောသံတို့ဖြင့် သက်ဝင်လှုပ်ရှားလာကာ အိမ်သည် အိမ်နှင့်တူလာတော့၏။

အိမ်ဦး ဘုရားခန်းမှအစ မီးဖိုချောင်အဆုံး တစ်အိမ်လုံးတွင်လည်း အစိုးနှင့် လွတ်ကင်းသည့်နေရာမရှိဘဲ နေရာတိုင်းနီးပါးတွင် အစိုး၏ ခြေရာလက်ရာတို့ဖြင့်သာ ပြည့်နှက်လျှက်...

မနက်မိုးမလင်းမီကပင် မီးဖိုချောင်ဝင်ကာ တဒုံဒုံတဒင်ဒင်ဖြင့် ဟင်းအမယ်များစွာကို ဖွယ်ဖွယ်ရာရာပြင်ဆင်ကာ အားကြိုးမာန်တက် ထုထောင်းချက်ပြုတ်သော အစိုး၏လက်ရာအား အမောင်တစ်ယောက်ကို မဆိုထားနှင့်။

ဦးကြီးဖိုးဝသည်ပင် အကြိုက်တွေ့နေရသည်မို့ သူပင် ဤမျှလောက်မချက်တတ်ဟု တဖွဖွဆိုကာ ဦးကြီးဖိုးဝတစ်ယောက် ဘေးဘက်မှကူညီသူအဖြစ် လိုလိုလားလား နေရာလွှဲပြောင်းယူသွားရသည်အထိပါပေ...

ယခုလည်း အစိုးကိုယ်တိုင်ပြင်ဆင်ထားသည့် ထမင်းကြော်နှင့် ကြက်သွန်ချဉ်သုတ်၊ ကြက်ဥကြော်တို့်ဖြင့် အစိုးတို့၏ မနက်စာစားပွဲလေးက မြိုင်ဆိုင်နေသည်သာ...

အစိုးတို့နှစ်ဦးသား ရှေ့ဆင့်နောက်ဆင့်အတူစားပြီးသွားကြသည်မို့ မနက်စာစားပွဲဝိုင်းလေးအား စနစ်တကျအုပ်လိုက်ကာ ပန်းကန်အတူတူဆေးလိုက်ကြပြီးနောက် ရုံးသွားရမည့်အမောင်ကို အိမ်ရှေ့ဘက်ဆီလိုက်ပို့ရင်း အတူလျှောက်လာလိုက်ကြသည်။

" ကားကို သေသေချာချာလေး ဂရုစိုက်မောင်းနော် အမောင် သတိနဲ့သွား "

နေ့စဉ်မှာနေကျစကားကိုပင် ထပ်တလဲလဲမှာသည့် အစိုးစကားသံအဆုံး လက်တစ်ဖက်ကပါ အစိုးပခုံးလေးပေါ်တင်ကာ တွယ်ကပ်နေသည့်အမောင်က ခေါင်းညိတ်ပြလာ၏။

အမောင် / အမောင်​ ( Completed )Where stories live. Discover now