Once Upon a Night
ရောင်းနိးမြို့၏ ကုန်တင်သင်္ဘောကြီးများ ဆိုက်ကပ်ရာ ဆိပ်ကမ်းတစ်လျှောက်တွင် အပေါ်ပိုင်းအဝတ်မဲ့သော ကူလီထမ်းသမားများသည် ကုန်ပစ္စည်းများကို ခါးတစ်ဝက်ကျိုးအောင်သယ်နေကြသည်။ ဝန်ချီစက်ကြီးများနှင့်သယ်ယူနေသော ကွန်တိန်နာကြီးများက သူ့တို့ခေါင်းပေါ်တွင်အသည်ယားစဖွယ် ဖြတ်သန်းနေကြသည်။ကမ်းနားလမ်းပေါ်ကဆိုင်များ၏ အပြင်ထုတ်ထားသောစားပွဲများမှာတော့ အဖြူရောင်ဝတ်ထားသော သင်္ဘောသားများနှင့် သင်္ဘောကပ္ပတိန်များသည် အဖွဲ့ကိုယ်စီနှင့် စကားတပြောပြော ဆေးလိပ်တဖွာဖွာလုပ်ရင်း ကိုယ်စီအာရုံနှင့် သင်္ဘောထွက်ချိန်ကိုစောင့်ဆိုင်နေကြသည်။
မှိုင်းညိုအုပ်စိုင်းသော ကောင်းကင်ကြီး၏ အောက်က နေပျောက်မကျသည့် ဆိမ်ကမ်းလေးသည် အရောင်းကင်းမဲ့သော အဖြူနှင့်အမဲရုပ်ရှင်တစ်ခုကဲ့သို့...
ထိုနေ့လည်ခင်းသည် ကုန်သင်္ဘောဆိပ်ကမ်းလေး၌ ပစ္စည်းအပို့အချနှင့် နေ့လည်စားချိန်ပျောက်လုပြီး ၊ လက်မလည်အောင်အလုပ်များသောနေ့လည်ခင်းတစ်ခုကဲ့သို့သာ မထူးခြားစွာရှိနေသည်။
ဆိပ်ကမ်းနှင့်ဝေးရာတွင် ပုံစံတူ ၊ နံပါတ်တပ်၊ ရေညှိကပ်၍ အရောင်မဲ့နေသော ပင်လယ်လုပ်သားများ၏ အိမ်ရာတိုက်တန်းများသည်လည်း တိတ်ဆိတ်ငြိမ်သက်စွာ အသက်ကင်းနေသည်။
ပုံသေကားချပ်တစ်ခုလို ငြိမ်သက်နေသည့် အလုပ်သမားတိုက်ခန်းတစ်ခုတွင် အပေါ်ဆုံးထပ် ဝရန်ဒါ၌ အနီရောင်မီးတောက်လေးတစ်ခုလို ၊ ထင်ရှားသောအလံလေးတစ်ခုလွင့်မြောနေသလို ဆန်းကြယ်သော သဏ္ဍန်လေးတစ်ခုက အသက်ရှိနေသည်။
သေချာကြည့်လျှင် တလူလူလွင့်နေသည့် အနီရောင်ဂါဝန်လေးကိုဝတ်ဆင်ထားသည့် အမျိုးသမီးငယ်တစ်ယောက်သည် အခန်းထဲမှနေ၍ သံချေးတတ်ကာဆွေးမြေ့ပြိုကျလုနီး ဝရန်တာဘက်ကိုနောက်ပြန်လျှောက်နေလာခြင်းဖြစ်သည်။
သူ့လက်များက ရှေ့ကိုဆန့်တန်းကာ တစ်စုံတစ်ခုကိုကားဆီးနေဟန်၊ ခန္ဓာကိုယ်သည်ရှေ့ကိုကိုင်း၍ မသက်မသာဖြစ်နေဟန်၊ တရွတ်တိုက်ဆွဲနေရသောခြေထောက်တစ်ဖက်ကို မနည်းသယ်ဆောင်ထားရသလို့ ထော့ကျိုကျိုးယိုင်နဲ့နဲ့ဟန်ရှိနေသည်။
YOU ARE READING
OnceUpon a Night
Mystery / Thrillerပဲရစ်မှာ အတိတ်အမှတ်တရတွေနဲ ့ပြည့်နေတဲ့ Liam Vill တစ်ယောက် ပဲရစ်နဲ့တူနဲ့မြို့မှာ အတိတ်ကအကြောင်းအရာတွေကို အိမ်မက်မူးရီကာလိုက်ပါနေမိတယ်။ ဒီလိုနဲ့သူကြုံနေရတဲ့အရာတွေဟာ အစစ်အမှန်လား၊ ပုံရိပ်ယောင်တွေလား သူကိုယ်တိုင်မခွဲခြားနိုင်တော့တဲ့အခါ.... _____________...