#Unicode"ကျောင်းသွားတော့မလို့လား သား...?"
အခန်းထဲကနေကျောင်းသွားဖို့ပြင်ဆင်ပြီးထွက်လာတဲ့ ကိုယ့်ကိုကြည့်ရင်း မေးလာသည့်အမေ...။ အထဲသို့ဝင်နေသည့် ကျောင်းအင်္ကျီကော်လံစကို ပြင်လိုက်ရင်း...
"ဟုတ် အမေ...၊ အဖေရောဟင်...?"
"သားအဖေက ဒီနေ့မနက်သူတို့ဌာနမှာအစည်းအဝေးရှိလို့တဲ့၊ ဌာနမှူးဆိုတော့စောရောက်မှဖြစ်မယ်ဆိုပြီးအစောကြီးထွက်သွားလေရဲ့..."
"အော်..."
"မနက်စာစားသွားလေ ထယ်လေး..."
ထိုအခါ ထမင်းစားဝိုင်းအနားတွင်ရပ်နေသော အမေ့နားလျှောက်သွားလိုက်ပြီး...
"မစားတော့ဘူး အမေ၊ ဒီနေ့က ကျောင်းအသစ်မှာ တက်ရမယ့်အခန်းလိုက်ရှာရဦးမှာမို့လို့ စောစောသွားမှဖြစ်မှာ..."
"ဒါဆိုလဲ မုန့်လေးတော့ယူသွား၊ လမ်းမှာပဲဖြစ်ဖြစ်၊ ကျောင်းရောက်မှဖြစ်ဖြစ် ဆာရင်စားလို့ရတာပေါ့...မဟုတ်ရင် ဗိုက်ဆာနေလိမ့်မယ်..."
ပြောရင်းဆိုရင်း အမေက လက်ထဲကိုင်ထားသောကျောပိုးအိတ်ထဲသို့ စတော်ဘယ်ရီအချိုရည်ဘူးတစ်ဘူးနှင့် ပေါင်မုန့်တစ်လုံးကောက်ထည့်ပေးလာသည်...။ကိုယ်မနက်စာမစားရမှာစိုးလို့ စိုးရိမ်ပေးနေသည့်အမေ့အားပြုံးကာကြည့်လိုက်ပြီး...
"အမေရယ်... ကျွန်တော်က ကလေးမဟုတ်တော့ပါဘူး၊ စိတ်မပူပါနဲ့..."
ကိုယ့်စကားအဆုံးအမေက တစ်ချက်ပြုံးရင်း ကိုယ့်ကျောင်းအင်္ကျီပေါ်က 'အထက်တန်းနောက်ဆုံးနှစ် ကင်ထယ်ယောင်း' ဟုရေးထားသည့်နာမည်ကတ်ပြားလေးအား အတည့်ဖြစ်အောင်ပြင်ပေးလာလေသည်...။
"သိပါတယ်ရှင်... အမေ့သားက ကလေးမဟုတ်တော့ဘူးဆိုတာ။ အရွယ်နဲ့မလိုက်အောင် ရင့်ကျက်ပြီး မိဘအပေါ်သိတတ်တဲ့သားလိမ္မာလေးမှန်းဆိုတာ။"
"အမေကတော့ သားအမိအချင်းချင်းမြှောက်နေပြန်ပါပြီ...။ ကျွန်တော် သွားပြီနော် အမေ...!"
"အေး အေး...! စက်ဘီးလည်းဂရုစိုက်ပြီးစီးသွားဦး...!"
"ဟုတ်...!!"