"ဖေဖေ သားပြန်ရောက်ပြီနော်.."
"အေးအေး ရေချိုးပြီး ထမင်းစားရအောင်"
"ဟုတ်"
ဆေးရုံက ပြန်လာတာနဲ့ အိတ်ကိုချိတ်ကာ ရေချိုးလိုက်သည်။ လူက နည်းနည်းတော့ ချမ်းစိမ့်စိမ့်ဖြစ်နေတာမို့ ရေချိုးပြီးတာနဲ့ အင်္ကျီလက်ရှည်တစ်ထည် ထပ်ဝတ်ထားလိုက်သည်။
နွေရာသီကြီးကို ချမ်းစိမ့်စိမ့်ဖြစ်နေတာမို့ လူက ဖျားတော့မယ်ဆိုတာ သိလိုက်သည်။ဘာအစားမှလည်း မစားချင်ဘဲ အိပ်ယာထဲကိုသာ ခေါင်းထိုးပြီး အိပ်ချင်လာတာမို့ စောင်ခြုံ၍ အိပ်ပစ်လိုက်ပါသည်။
"သားရေ... ပြီးပြီလား ထမင်းစားရအောင်"
သားအခန်းဆီက ဘာအသံမှမကြားရတာမို့ ဝင်ကြည့်လိုက်တော့ အိပ်ယာပေါ်မှာ ခွေခွေလေး။
"သား"
"ဟင် ဖေဖေ သားဒီနေ့တော့ ထမင်းမစားတော့ဘူး"
နေမကောင်းဖြစ်ရင် ဘာမှမစားတော့တာ ဒီကလေးရဲ့အကျင့်။ငယ်ငယ်ကတည်းက နေမကောင်းရင်တောင် ဘယ်သူ့ကိုမှ ဂျီမကျတတ်ဘဲ အိပ်ယာထဲမှာ တိတ်တိတ်လေး ဝင်အိပ်နေတတ်တာ။
"ဖျားနေပြီမဟုတ်လားကွယ်.."
အိပ်မောကျသွားတဲ့ သားအပေါ် စောင်လေးထပ်ခြုံပေးလိုက်သည်။ ဆေးသောက်ရမှာ ကြောက်တဲ့ ဒီကလေး ဆေးထိုးပေးမှသာ အဆင်ပြေတာ။ ပြင်ထားတဲ့ ထမင်းဝိုင်းလေးကို ပြန်သိမ်းကာ ဆရာဝန်ပင့်ဖို့ ပြင်ရသည်။
"ဦးလေး ဘယ်သွားမလို့လဲ"
"သြော ပိုင်ဆော့၊ သားဆီလာတာလား အဲ့ကလေးနေမကောင်းလို့ ဆရာဝန် သွားပင့်မလို့ပါကွာ.. လာအိမ်ထဲကနေ ထိုင်စောင့်အုံး"
"ကဲ ဘယ်ဆရာဝန်မှ သွားမပင့်နဲ့တော့ ကျွန်တော် ရောက်လာပြီလေ"
"အေး အဲ့လိုဆိုလည်း တစ်ချက်ကူညီပါအုံးကွာ"
အိမ်ထဲသို့ ဝင်သွားသော ဆရာဝန်လေးက သားအတွက်တော့ သူငယ်ချင်းကောင်းတစ်ယောက်၊ အစ်ကိုတစ်ယောက်လို သဘောထားပြည့်မှုတွေနှင့်။
ဒီအိမ်ကို လာနေကျမို့ ဘယ်ပစ္စည်း ဘယ်နားထားလဲဆိုတာလောက်တော့ သိသူမို့ လိုအပ်သည့် ပစ္စည်းတစ်ချို့ကို ယူလိုက်ပြီး ထိုကောင်လေး အခန်းထဲ ဝင်လိုက်သည်။