အပိုင်း ၄၀၅

1.6K 192 0
                                    

[Unicode]
အပိုင်း ၄၀၅ အလုံးစုံရှုံးနိမ့်ခြင်း
ကျူးကျွင်းယန်က သီးပြီး ချောင်းခဏလောက် ဆိုးသွားသည်။
"အဲ့ဒီလူတွေက ကိုယ့်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ? ကိုယ်တို့မှာ ဘယ်လို ဆက်ဆံရေးမျိုး ရှိနေတာမလို့လဲ? အနာဂတ်မှာ မင်းက ကိုယ်လက်ထပ်ရမယ့်သူလေ…"
"အရမ်းကြီး သေချာမနေနဲ့! ရှင် အခုထိ စမ်းသပ်ချက်တွေတောင် မအောင်သေးဘူး! ဘယ်သူသိနိုင်မှာလဲ? နောက်ကျ တခြားလှပတဲ့ သခင်မလေးတစ်ယောက်က ရှင့်မျက်လုံးကို ဖမ်းစားသွားနိုင်ပြီး ကျွန်မကို လုံးဝ မေ့ချင်မေ့သွားမှာလေ ဟွန့်"
ယွီရှောင်ချောင်းက သူမရှေ့ရောက်လာတဲ့ ဗလာရင်အုပ်ကျယ်ကြီးကို အကြင်နာမဲ့စွာ တွန်းပစ်လိုက်သည်။ နေ့လယ်စာ စားဖို့ ဂူအပြင်ထွက်ရန် သူမ အဆင်သင့်ဖြစ်နေပြီ။ အရင် ညနေခင်းကနေ အခုထိ သူမ ဒရယ်သားသေးသေးလေးပဲ စားရသေးသည်။ ပြီးတော့ အဲ့တာကလည်း မီးပုံပေါ်မှာ ဒီတိုင်း ကင်ထားတာကြီးမို့ စားလို့ကောင်းတယ်လို့ ယူဆလို့မရဘူး။
သို့ပေမယ့် သူမလက်မောင်းက ထိုသူရဲ့ ရုတ်တရက် ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည်။ သူမက တည်ကြည်လေးနက်နေတဲ့ ကျူးကျွင်းယန်ကို ခေါင်းမော့ကြည့်လိုက်သည်။ သူက ထပ်တလဲလဲ ပြောလာသည်။
"ကိုယ် တခြားသူကို စိတ်ဝင်စားမှာ မဟုတ်လို့ မင်း မဟုတ်တာ မျှော်လင့်မနေနဲ့။ ကိုယ် မင်းကို လက်ထပ်မှာကိုပဲ နာနာခံခံနဲ့ စောင့်နေ!"
သူပြောပြီးသွားတာနဲ့ အစေခံတွေ ပို့လိုက်တဲ့ အဝတ်အစားကို စိတ်ဆိုးမာန်ဆိုးဝတ်ကာ လက်ကို ခါပြီး ထွက်သွားသည်။
အခုက စိတ်ဆိုးသွားတာလားဟ? ယွီရှောင်ချောင်းက ပုခုံးတွန့်ပြီး ဂူထဲက ထွက်ဖို့ သူ့နောက်ကနေ လိုက်လာသည်။ သူမ မိသားစုက နေ့လယ်စာစားဖို့ရာ သူမကို စောင့်နေကြသည်။ တည်ခင်းထားမှုကတော့ အတော်လေးကို များပြားသည်။ ရွှန်းစိုနေတဲ့ ထမင်းဖြူပန်းကန်လုံးလေးတွေ၊ ကြက်သားမွှကြော်တစ်ပန်းကန်၊ သဲပရစ်ရွက်မွှေကြော်တစ်ပန်းကန်နဲ့ ကြက်ဥစွပ်ပြုတ် ပန်းကန်လုံးကြီးတစ်လုံး ရှိနေသည်။ ကျွမ်းရှောင်မော့ကိုလည်း ထမင်းစားဖိတ်ခဲ့ပြီး ရှောင်လျန်ကတော့ အရှက်သည်းစွာနဲ့ သူ့အတွက် ကြက်ခြေထောက်တစ်ခု ထည့်ပေးလိုက်သည်။
မနေ့ညက ဒုက္ခသုက္ခခံပြီး ပြန်ခိုးလာတဲ့ ဆန်တွေကိုလည်း တခြားရွာသားတွေဆီ ခွဲဝေပြီးသွားပြီ။ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ် မခွဲခြားဘဲ လူတစ်ယောက်ကို ဆန်ငါးကျင်းနဲ့ ဂျုံဖြူနှစ်ကျင်းစီ ရသည်။ ဒါတွေက လူတိုင်းအတွက် နောက်နှစ်‌ရက်လောက်ထိ စားဖို့ လုံလောက်သည်။ ကျန်တဲ့ အပိုအလျှံတွေကိုတော့ အပြင်ဘက် ဂူတွေထဲကတစ်ခုမှာ သိုလှောင်ထားသည်။ သူတို့ ကျွမ်းရှောင်မော့နဲ့ အခြားသူတွေကို စပါးခွဲတမ်းများ ခွဲဝေပေးခဲ့ပြီးပြီဖြစ်သောကြောင့် နောက်ထပ်နှစ်ရက်လောက်သုံးဖို့ လုံလောက်သေးသည်။
နေ့လယ်စာ စားပြီးသွားတော့ ကျူးကျွင်းယန်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး ထိုညနေခင်းဖို့တော့ သူ့ကို နှိုးဖို့ လုံးဝ မဖြစ်နိုင်သလောက်ပင်။ ယွီရှောင်ချောင်းက သွေးအားပြည့်လည်ဖြည့်တင်းစေပြီး ခန္ဓာကိုယ်ပြန်လည်ကောင်းမွန်စေနိုင်တဲ့ ဆေးကြိုဖို့ သူမသေတ္တာထဲကဆေးတွေနဲ့ အံ့ဖွယ်ကျောက်ရေကို သုံးလိုက်သည်။ နောက်သုံးရက်အထိ သူ နေ့တိုင်းသောက်ဖို့ သေချာအောင် သူမစီစဉ်နေတာ ဖြစ်သည်။
ဒါပေမယ့် ထိုတစ်ယောက်က ‌နောက်နေ့မနက်ခင်းကျ ပျောက်သွားမယ်လို့ ဘယ်သူထင်ထားမှာလဲ။ သူနဲ့အတူ ကိုယ်ရံတော် ဆယ်ယောက်ကျော်တောင် ခေါ်သွားလိုက်သေးသည်။ သူချန်ခဲ့တဲ့ စာမှာတော့ မင်းသားကြီးအိမ်တော်မှ စစ်သည်တွေက မနေ့ညကတည်းက ရောက်နေပြီဖြစ်ပြီး အထိန်းတော်ခေါင်းဆောင်လျိုက သတင်းလာပို့သွားတယ်ဆိုကာ ရေးထားသည်။ အထိန်းတော်ခေါင်းဆောင်လျိုက သူ့သခင်ကိုယ်ပေါ်က ဒဏ်ရာတွေကိုမြင်တော့ သခင်နဲ့အတူ မလိုက်မိတဲ့ သူ့ကိုယ်သူ တိတ်တိတ်လေး အပြစ်တင်နေတော့သည်။ သို့ပေမယ့် ထိုအခြေအနေမှာ သူလိုလူ ဆယ်ယောက်ရှိနေရင်တောင် သခင့်ကို များများစားစား ကူညီနိုင်မှာ မဟုတ်ဘူး။ နောက်ပြီး သူ့ရေကူးစွမ်းရည်က သာမန်ပဲလေ။ သူက ကုန်းပေါ်မှာတော့ ကျားဖြစ်ပြီး ရေထဲမှာတော့ ပုစွန်ဆိတ်ဟု သတ်မှတ်လို့ရသည်။
ယွီရှောင်ချောင်းက ထိုအရာကြောင့် စိတ်သက်သာရ ရသွားသည်။ တော်ဝင်မင်းသားယန်က မင်းသားကြီးရဲ့ စစ်သည်တွေတစ်ဝက်‌ကျော်၊ အရေအတွက်ရှစ်ရာလောက် ခေါ်လာတယ်လို့ သူမကို ပြောပြဖူးသည်။ တုန်ရှန်းရွာမှာရှိတဲ့ ဝိုခုန်းပင်လယ်ဓားပြတွေကတော့ အယောက်တစ်‌ရာကျော်လောက်ပဲ ရှိသည်။ တိုက်ခိုက်ဖို့ ကောင်းကောင်း လေ့ကျင့်ထားကြတဲ့ စစ်သည်တွေနဲ့ဆို ပင်လယ်ဓားပြတွေအားလုံး သတ်ဖြတ်ဖမ်းဆီးခံရမှာ အသေအချာပင်။
'ဝတနဘဲ ဟီရိုရှီ'သာ သူ့အကြံပေးတွေရဲ့တိုက်တွန်းချက်ကို နားထောင်ခဲ့ရင် တုန်ရှန်းရွာမှာ အချိန်ကောင်းတွေ ရှိနေကြတဲ့ ပင်လယ်ဓားပြတွေကတော့ အခုချိန်‌ဆို ထွက်သွားကြလောက်ပြီ ဖြစ်သည်။ သူတို့ရဲ့ရဲဘော်ဆယ်ယောက်ကျော်ကလည်း မနေ့ညက မည်သို့မှန်းမသိ ‌သေဆုံးသွားကြပြီး သူတို့သင်္ဘောတွေတောင် နစ်မြုပ်ကုန်သည်။ ဒါက ဘာကိုဆိုလိုတာလဲ? သူတို့ပတ်ဝန်းကျင်မှာ အလွန်ကျွမ်းကျင်တဲ့ ရန်သူတစ်ယောက် ရှိနေတယ်လို့ ဆိုလိုတာမဟုတ်လား! ထိုရန်သူသာ သူတို့အသက်ကို လိုချင်ရင် သူတို့ကို သတ်ပစ်ဖို့က ထိုလျို့ဝှက်ဆန်းကြယ်တဲ့သူအတွက် လွယ်ကူနေလိမ့်မည်။
ကံမကောင်းစွာနဲ့ပဲ 'ဝတနဘဲဟီရိုရှီ'က သူ့ပုံရိပ်ထိခိုက်မှာ အလွန်စိုးရိမ်တတ်ပြီး စိတ်ကြီးဝင်တဲ့ လူစားမျိုး ဖြစ်နေသည်။ သူတို့ရဲ့ ဥစ္စာပစ္စည်းတွေ ဓားပြတိုက်တဲ့ တာဝန်တောင် မပြီးမြောက်သေးဘဲ သူတို့သင်္ဘောတွေအားလုံး ဆုံးရှုံးလိုက်ရသည်။ စစ်သူကြီးယာမဂုချီရှေ့မှာ သူ့တခြားပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ဖို့ သူ့ဂုဏ်သိက္ခာတွေရှိသေးရဲ့လား။ လုယက်ပစ္စည်းတွေ ဆုံးရှုံးသွားပေမယ့် သူ့ရဲ့ဆုံးရှုံးသွားတဲ့ ဂုဏ်သတင်းအတွက်တော့ ပြန်လည်ပြင်ဆင်ဖို့ လိုအပ်သေးသည်။ သူက တစ်ရက်နားပြီးတာနဲ့ တောထဲဝင်ပြီး ရွာသားတွေကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ချက်ချထားသည်။ သူက အိမ်နီးချင်းရွာက ပင်လယ်ဓားပြတွေလို လုပ်ဖို့ ရည်ရွယ်ထားသည်။ မျက်စိထဲ ဝင်လာသမျှ ရွာသူရွာသားတိုင်းကို သတ်ဖြတ်ပြီး သူ့ဒေါသတွေကို ဖြေဖျောက်ပစ်မည်။
ဒီလို မာနထောင်လွှားတဲ့သူက ဆိပ်ကမ်းမှာ စစ်သူကြီးနဲ့တွေ့လိုက်ပါဆိုပြီး အကြံပေးတွေ တိုက်တွန်းတာကို နားထောင်လိုစိတ်မရှိဘဲ သူ့ယုံကြည်ရဆုံး အကြံပေးတွေထဲက တစ်ယောက်ကိုတောင် အမိန့်မနာခံလို့ဆိုပြီး အားပြင်းပြင်းနဲ့ ပါးရိုက်လိုက်သေးသည်။ သူ့အနားက လူတွေအားလုံးလည်း အတော်လေး အကူအညီမဲ့နေကြပြီ။ မောက်မာမှု‌နဲ့ စုံလုံးကန်းနေတဲ့ ခေါင်းဆောင်တစ်ယောက် ကြောင့် သူတို့တွေ သူနဲ့အတူ ကျဆုံးသွားဖို့သာ ရှိတော့သည်။
ဝတနဘဲဟီရိုရှီ သူ့လက်ကျန်လူတွေအားလုံးကို စုစည်းလို့ မပြီးခင်မှာဘဲ မင်းသားကြီးအိမ်တော်ရဲ့ စစ်သည်တွေက ဒဏ်ခတ်မယ့် နတ်ဘုရားအုပ်စုကြီးလို ရောက်ချလာပြီး ပြန်တိုက်ဖို့ အခွင့်အရေးတောင် မပေးဘဲ သတ်ဖြတ်ကြတော့သည်။ သူတို့ပြိုင်ဘက်ရဲ့ များပြားလွန်းတဲ့ အရေအတွက်နဲ့ အလွန်ကောင်းမွန်စွာ လေ့ကျင့်ထားကြတာကို တွေ့တော့ ဝိုခုန်းပင်လယ်ဓားပြတွေက လက်နက်ချပြီး ခြေဦးတည့်ရာ ထွက်ပြေးကြသည်။ သို့ပေမယ့် တုန်ရှန်းရွာကို အိမ်တော်က စစ်သည်တွေ ဝန်းရံထားပြီးပြီပင်။ ပင်လယ်ဓားပြတွေ ဘယ်လောက်ပဲ ပြေးဖို့ကြိုးစားကြိုးစား စစ်သည်တွေဆီကနေ မလွတ်နိုင်တော့။
တစ်နာရီတောင်မကြာလိုက်ပဲ တိုက်ပွဲက ပြီးဆုံးသွားသည်။ ရွာထဲက ပင်လယ်ဓားပြတွေမှာ တစ်ချို့က အသတ်ခံလိုက်ရပြီး ကျန်လူတွေကတော့ အဖမ်းဆီးခံလိုက်ရသည်။ ‌အိမ်နီးချင်းရွာရဲ့ ထိတ်လန့်‌ဖွယ် မြင်ကွင်းကို ကျူးကျွင်းယန် သတိရသွားသည်။ သူ့ကောင်မလေးသာ ပင်လယ်ထဲမှာ ရေကစားမနေဘူးဆိုရင် ဝိုခုန်းပင်လယ်ဓားပြတွေ ချဉ်းကပ်လာတာကို သိလိုက်မှာမဟုတ်ဘူး။ အဲ့လိုသာဆို သစ်ပင်မှာ ကြိုးဆွဲချရင်း သေသွားတဲ့ ထိုလူတွေထဲက တစ်ယောက်ကလည်း…
သူ ထိုအကြောင်းကို ဆက်မတွေးရဲတော့ဘူး။ သူ့မှာ သူ့ကောင်မလေးကို ဆုံးရှုံးလုနီးပါးပင်။ သူတွေးလေလေ 'မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး'ယူဖို့ ပြတ်သားလာလေလေ ဖြစ်သည်။ ဘယ်လောက်ပဲ ပင်လယ်ဓားပြတွေ အသနားခံနေပါ‌စေ၊ တစ်ယောက်မှ အသက်ရှင်လျက် မကျန်ခဲ့ပေ။ သူတို့အားလုံးကို ရွာအဝင်က သစ်ပုပ်ပင်အိုကြီးမှာ မပြောမဆို ချိတ်ဆွဲထားလိုက်သည်။
သူနဲ့ပါလာတဲ့ ကိုယ်ရံတော်နှစ်ယောက်ကလည်း ဘေးရွာအခြေအနေကို ကောင်းကောင်း သိထားသည်။ တုန်ရှန်းရွာမှာ တိုက်ပွဲပြီးသွားတာနဲ့ စစ်သည်တွေက တခြားရွာကို ချက်ချင်းထွက်ခွာသွားကြပြီ။ ပင်လယ်ဓားပြတွေက သူတို့လိုချင်တဲ့ လုယက်ပစ္စည်းတွေကို စုစည်းပြီး ထွက်ခွာကြပေမယ့် ကမ်းခြေမှာပဲ စစ်သည်တွေပိတ်ထားတာကို ခံလိုက်ပြီး တစ်ဦးတစ်ယောက်မှ ထွက်ပြေးခွင့် မရတော့ပေ။ သင်္ဘောတွေပေါ်ရှိ ပင်လယ်ဓားပြတွေက အခြေအနေမကောင်းတာ သိတော့ ထွက်ပြေးဖို့လုပ်ကြပေမယ့် မြားစစ်သည်တွေက သင်္ဘောတွေကို မီးမြားများဖြင့် ပစ်ခတ်ခဲ့ကြသည်။ မြားမိုးကြီးကျလာတော့ သင်္ဘောတွေအားလုံး မီးတောက်အဖြစ် လောင်ကျွမ်းကုန်ကြသည်။ ရေထဲမှာရှိတဲ့ သင်္ဘောလေးစင်းထဲက တစ်စီးမှ ရလဒ်ကောင်း မရခဲ့လေဘူး။
အရင်သုံးရက်တုန်းက ယွီရှောင်ချောင်းရဲ့မွေးစားအဖေက မမျှော်လင့်ဘဲ သူမဆီ လာမစစ်ဆေးနိုင်ခဲ့ဘူး။ အဓိပ္ပာယ်က ဆိပ်ကမ်းအခြေအနေက သိပ်မကောင်းဘူး ဆိုတာပင်။ ကျူးကျွင်းယန်က သူ့လက်အောက်က စစ်သည်ရှစ်ရာကို ဦးဆောင်ပြီး ဆိပ်ကမ်းဆီသို့ ခံ့နားထည်ဝါစွာ အပြေးနှင်သွားသည်။
ယာမဂုချီလက်အောက်က ပင်လယ်ဓားပြတွေက တင်းတင်းကြပ်ကြပ် လေ့ကျင်ခံထားရတဲ့ သူ့ရဲ့ကိုယ်ပိုင်မျိုးနွယ်စုက စစ်သည်တွေဖြစ်သည်။ သူတို့တွေက သတ္တိရှိပြီး သေရမှာကို မကြောက်ကြ။ ဒါ့အပြင် သူတို့က အရေအတွက်မှာ အားသာချက်ရှိနေသည်။ အရေးကြီးဆုံးအချက်ကတော့ သူတို့တွေက ရေကြောင်းတိုက်ပွဲမှာတော်ပြီး ဘယ်အချိန် တိုက်ခိုက်ရမယ်၊ ဘယ်အချိန် ပြန်ဆုတ်ရမယ် ဆိုတာကို သိကြသည်။ သူတို့ပြိုင်ဘက်တွေက အပြင်းအထန် ခုခံထားပြီး အခြေအနေ မကောင်းတော့ဘူးဆိုရင် ပင်လယ်ဓားပြတွေက ရေထဲကို ပြေးလိုက်ရုံသာဖြစ်သည်။ ထို့ကြောင့်ပဲ တိုင်းစစ်သည်တွေနဲ့ မြို့နဲ့စီရင်စုကပို့လိုက်တဲ့ စစ်သည်တွေက ဝိုခုန်းပင်လယ်ဓားပြတွေကို အသားစီး မရခဲ့ကြဘူး။ အခြေအနေ တစ်ခုလုံးက ရှေ့မတိုးနောက်မဆုတ်ဖြစ်နေသည်။
စစ်သူကြီးယာမဂုချီက 'ဝတနဘဲဟီရိုရှီ'လို မောက်မာတဲ့ အရူးမဟုတ်ပေ။ ကောင်းကောင်း လေ့ကျင့်ထားတဲ့ မင်းသားကြီးရဲ့ကို ယ်ပိုင်စစ်သည်တွေ တုန်ရှန်းရွာဘက်ကနေ လာနေကြတာမြင်တော့ သူ့ကို တိုက်ခိုက်ဖို့ လာတယ်ဆိုတာကို သိလိုက်သည်။ ထန်ကူဆိပ်ကမ်းမှာ အစောင့်အကြပ်တွေ ထူထပ်စွာရှိ နေပြီး အချိန်တိုအတွင်းမှာ ဖြိုခွဲဖို့ မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် သူက နောက်ဆုတ်ဖို့ အမိန့်ပေးလိုက်သည်။
ပင်လယ်ဓားပြသင်္ဘောဆယ်စီးကျော်က နက်ရှိုင်းတဲ့ သမုဒ္ဒရာဆီကို ရွက်လွှင့်ကာ ဆုတ်ခွာသွားကြသည်။ စီရင်စုသင်္ဘောတွေမှ သင်္ဘောအချို့က ပြေးထွက်သွားတဲ့သူတို့ကို လိုက်ဖမ်းကာ ပင်လယ်ပြင်မှာ ပြင်းထန် တဲ့တိုက်ပွဲကြီးဖြစ်ပွားပြီး ပင်လယ်ဓားပြသင်္ဘောဆယ်စီးလောက် ရှုံးနိမ့်သွားသည်။ ကျန်တဲ့ သင်္ဘောတွေကတော့ စီရင်စုမြို့တော်ရဲ့သင်္ဘောတွေဆီကနေ နောက်ဆုံးမှာ လွတ်မြောက်သွားပြီး အရှိန်နဲ့ ထွက်ပြေးသွားကြတယ်။ ကျူးကျွင်းယန်နဲ့ သူ့ကိုယ်ပိုင်စစ်သည်တွေ ရောက်သွားတော့ ပင်လယ်ဓားပြသင်္ဘောတွေ မိုးကောင်းကင်စက်ဝိုင်းဆီ ပျောက်ကွယ်သွားတာကိုပဲ ကြည့်နေဖို့ တတ်နိုင်ကြတော့သည်။
"ဘယ်လိုမြန်မြန်ပြေးရမလဲဆိုတာတော့ သိတာပဲ!"
ကျူးကျွင်းယန်က နက်ရှိုင်းတဲ့ ပင်လယ်ပြင်ကြီးဆီကို ဆဲရေးလိုက်ပြီး အတော်ဖိနှိပ်ခံထားရလို့ မောပန်းနေတဲ့ စစ်သူကြီးဖန်းဆီကို လျှောက်သွားလိုက်သည်။
ဖန်းဇီကျန်းက သူ့ရဲ့မောပန်းနေတဲ့မျက်နှာကို ပွတ်သပ်လိုက်ပြီး တော်ဝင်မင်းသားယန်ကို ဦးညွတ်ကာ ကတိုက်ကရိုက် မေးလိုက်သည်။
"တုန်ရှန်းရွာရော အဆင်ပြေရဲ့လား? ကျွန်တော့်သမီးနဲ့ တခြားသူတွေရော ဘယ်လိုနေလဲ?"
"တုန်ရှန်းရွာသားတွေ အချိန်မီ ထွက်ပြေးနိုင်လိုက်ပါတယ်။ သူတို့အားလုံး ‌အနောက်ဘက်တောင်မှာ လုံလုံခြုံခြုံ ရှိနေတယ်။ ဒါပေမယ့် ဘေးရွာကတော့ ကံမကောင်းလိုက်ဘူး။ ရွာသားတွေအားလုံးနီးပါး အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရတယ်!"
ကျူးကျွင်းလည်း မတတ်နိုင်ဘဲ တွေးရင်း သက်ပြင်းချလိုက်မိသည်။
တပ်မှူးစွမ်က သူ့လက်ထောက်တစ်ယောက်နဲ့ ရောက်လာပြီး တော်ဝင်မင်းသားယန်ကို နှုတ်ဆက်လာသည်။
"တော်ဝင်မင်းသား အချိန်မှန် ရောက်လာတာပဲ! အဲ့ဒီဝိုခုန်းပင်လယ်ဓားပြတွေက အရမ်း ဉာဏ်နီဉာဏ်နက်များတာ။ သူတို့တွေက အယောင်ပဲပြပြီး ‌တိုက်ခိုက်ဖို့ကျ မလုပ်ဘူး၊ အဲ့ဒါမျိုးက ခုခံဖို့ အရမ်း ခက်ခဲလွန်းတယ်။ ကံကောင်းသွားတာက ရာသီဥတုက သူတို့ဘက်မှာ မရှိတာကို သိတာနဲ့ တန်းပြေးသွားကြတာပဲ။ တိုက်ပွဲသာ ကြာနေမယ်ဆိုရင် ကျွန်တော်တို့ တိုင်းဘက်မှာ တိုက်ခိုက်ဖို့ လူအလုံအလောက် မရှိတော့ဘူး။ အဲ့လိုသာဆို အရေးပေါ်ကူညီဖို့ ပတ်ဝန်းကျင်နယ်မြေဆီ သွားအကူအညီတောင်းဖို့တောင် မီလိုက်မှာမဟုတ်ဘူး"
"ဧကရာဇ်က စစ်သည်တွေ ပို့လိုက်ပြီ။ ရက်အနည်းငယ်အတွင်း သူတို့တွေ ရောက်လာကြမှာပါ"
ကျူးကျွင်းယန်က သူ့မိသားစုကိုယ်ပိုင်စစ်သည်တွေရဲ့ အမြန်နှုန်းကို အတော်လေးစိတ်ကျေနပ်နေသည်။ သူ တပ်မှူးစွမ်နဲ့ စကားခြင်း ဖလှယ်နေပေမယ့် သူ့နှလုံးသားကတော့ တောင်ထဲမှာ ပုန်းနေတဲ့ သူ့ကောင်မလေးကိုသာ တွေးနေမိသည်။ ထို့ကြောင့် သူ့စစ်သည်တွေကိုခေါ်ကာ ဆိပ်ကမ်းကနေ အလျင်အမြန် ထွက်ခွာသွားတော့သည်။
ဖန်းဇီကျန်းကလည်း တပ်မှူးစွမ်ကို နှုတ်ဆက်စကားပြောကာ တုန်ရှန်းရွာကို တစ်ချက်ကြည့်ဖို့ဆိုပြီး ထွက်လာလိုက်သည်။ တကယ်ဆို သူ့တာဝန်က ထန်ကူမြို့ရဲ့ဆိပ်ကမ်းဆောက်လုပ်ရေးကို ကြီးကြပ်ဖို့သာ ဖြစ်သည်။ ပင်လယ်ဓားပြတွေကို ချေမှုန်းပြီး မြို့တော်ကို ကာကွယ်ဖို့က သူ့အလုပ် မဟုတ်ပေ။ သို့ပေမယ့် စစ်သူကြီးတစ်ယောက်ဆိုတော့ မိုးကုတ်စက်ဝိုင်းအတွင်းမှာ စစ်ပွဲရှိတာနဲ့ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘူး။ ဒါ့ကြောင့်ပဲ ပင်လယ်ဓားပြတွေကို တိုက်ခိုက်ရာမှာ ကူညီဖို့ အရင်ဆုံး ထွက်လာတာဖြစ်သည်။ တပ်မှူးစွမ်ကလည်း သူ့ရဲ့ရဲစွမ်းသတ္တိနဲ့ လုပ်ဆောင်ချက်တွေကို တော်ဝင်နန်းတော်ဆီ တင်ပြပေးမယ်လို့ ကတိပေးလိုက်သည်။
သေချာ‌တာကတော့ ဖန်းဇီကျန်းက ထိုအရာကို ဂရုမစိုက်ပေ။ သူက တပ်မှူးစွမ်ကို လက်ရမ်းသာ ပြလိုက်သည်။ သူက သူ့မွေးစားသမီးရဲ့အခြေအနေကို စစ်ဆေးဖို့ ‌တော်ဝင်မင်းသားယန်နောက်ကနေ မြင်းစီးပြီး လိုက်လာခဲ့သည်။ သူ့သမီးက ပင်လယ်ဓားပြသင်္ဘော လေး၊ ငါးစင်းလောက်ကို နစ်မြုပ်သွားအောင် ကူညီပေးပြီး မင်းသားရဲ့အသက်ကိုပါ ကယ်ခဲ့တာ သိလိုက်ရတော့ သူက ကျယ်လောင်စွာ ရယ်လိုက်‌သည်။ သူက ပါးသိုင်းမွှေးတွေကို ပွတ်သပ်ပြီး ဂုဏ်ယူစွာ ကြေညာလိုက်သည်။
"ထူးချွန်ထက်မြက်တဲ့အဖေတစ်ယောက်မှာ ထူးချွန်ထက်မြက်တဲ့ သမီးတစ်ယောက်ရှိတယ်ဆိုတဲ့ စကားရဲ့ဥပမာအစစ်ပဲ! ငါ့သမီးက နှိုင်းယှဉ်ချက်တွေရဲ့အလွန်က အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ဘယ်အမျိုးသားထက်မှ မနိမ့်ကျဘူး"
ကျူးကျွင်းယန်က ထိုလူကြီးကို စိတ်ထဲမှာ ကြိတ်လှောင်နေသည်။
'ဘယ်သူ့ကို ခင်များသမီးလို့ ခေါ်နေတာလဲ? သူမမျိုးရိုးနာမည်က ယွီ! ဖန်းမဟုတ်ဘူး။ သွေးသားတောင် မတော်စပ်ဘဲနဲ့ ဘယ်တွေလာ ဂုဏ်ယူနေတာလဲ?'
မင်းသားကြီးရဲ့ ကိုယ်ပိုင်စစ်သည်ရှစ်ရာက အခု တုန်ရှန်းရွာမှာ တပ်စွဲထားကြသည်။ ပြန်ရောက်ရောက်ချင်း ကျူးကျွင်းယန်လုပ်တာက ယွီမိသားစုအိမ်ဟောင်းကို ဖျက်စီးဖို့ လူတွေ ခေါ်သွားတာ‌ပင်။ အဲ့ဒီခွေးကောင်ပင်လယ်ဓားပြတွေက ဒီအခန်းတွေမှာ အိပ်သွားကြတာမို့ သူ့ကောင်မလေးကို ဒီလိုနေရာမှာ မနေခိုင်းနိုင်တော့ဘူး! ရှောင်ချောင်းသာ ဒီဆုံးဖြတ်ချက်ကို မကျေနပ်ရင် သူ့ကို လာရှာနိုင်သည်။ သူမမိသားစုအတွက် ပိုကြီးပြီးပိုကောင်းတဲ့အိမ်ကို ပြန်ဆောက်ပေးဖို့ရာ သူငွေထုတ်ဖို့ ဆန္ဒရှိသည်။
မင်းသားက ယွီအိမ်ကို ဖျက်စီးလိုက်တယ်လို့ ဖန်းဇီကျန်းကြားတော့ အတော်လေး ဦး‌နှောက်ခြောက်သွားသည်။ သိုပေမယ့် ဖျက်စီးရတဲ့အကြောင်းကိုသိသွားတော့ မွေးစားအဖေတစ်ယောက်အဖြစ်နဲ့ သူလည်း လက်မြှောက်ပြီး ထောက်ခံလိုက်တော့သည်။ သူတို့မှာ လောလောဆယ် နေစရာ နေရာမရှိရင်ရော ဘယ်လိုလုပ်မလဲ။ ပြဿနာမှမဟုတ်ပဲ၊ သူတို့အတွက် မြို့မှာ သူ့အိမ်တော်ကြီး ရှိတယ်။ ယွီမိသားစုတင်မဟုတ်ဘူး ရှောင်ချောင်းရဲ့အကြီးဆုံးအဒေါ်မိသားစုကိုပါ ခေါ်ထားလို့ ရသေးသည်။ အိမ်တော်မှာ လူတိုင်းအတွက် အခန်းတွေ လုံလောက်သည်။
တုန်ရှန်းရွာသားတွေ တောင်ပေါ်က ဆင်းလာကြတော့ သူ့တို့ရဲ့ အိမ်အပြိုအပျက်တွေကို မြင်ပြီး ရင်ထုမနာ ငိုကြွေးကြတော့သည်။ သက်ကြီးရွယ်အိုအများစုကတော့ အနာဂတ်မှာ မည်သို့မည်ပုံ ဖြစ်လာမည်ကို မသိတာမို့ ကြက်သေသေနေကြသည်။ မိသားစုအများအပြားက ငွေကြေး အဆင်ပြေကြပြီး အိမ်ပြင်ဆောက်ဖို့ ငွေအလုံအလောက်ရှိကြသည်။ သို့ပေမယ့် မကြွယ်ဝဘဲ ဗိုက်ဖြည့်ဖို့ အစားအစာရရုံနဲ့ ပျော်ရွှင်တတ်ကြတဲ့ ဆင်းရဲသားမိသားစုတွေလည်း ရှိသေးသည်။ သူတို့အိမ် ပြန်ပြင်ဆောက်ဖို့ ဘယ်ကများ ငွေရနိုင်မှာလဲ။
ယွီရှောင်ချောင်းက ထိုလူတွေကို ကရုဏာသက်မိပြီး တစ်နည်းနည်းနဲ့ ကူညီလိုက်ချင်ပေမယ့် သူမ ပါးစပ်ဟလိုက်တာနဲ့ သူတို့အတွက် ပိုဝရုန်းသုန်းကားဖြစ်သွားမှာကိုလည်း ကြောက်နေသည်။ သူမ တုံ့ဆိုင်းနေစဉ်မှာပဲ ကျူးကျွင်းယန်က ကြေညာလိုက်သည်။
"ထန်ကူက ကျုပ်ရဲ့စီရင်ပိုင်ခွင့်လက်အောက်မှာ ရှိတာမို့ တနည်းပြောရရင် မင်းတို့အားလုံးက ကျုပ်အုပ်ချုပ်မှု အောက်ကပဲ။ ဘေးအန္တရာယ်တွေကို တားဆီးလို့မရနိုင်ဘူး၊ ဒါပေမယ့် ခက်ခဲတဲ့ အချိန်တွေကို ကြံ့ကြံ့ခံပြီး ရှင်သန်နိုင်ဖို့ ကြိုးစားလို့ရတယ်။ အိမ်ပျက်စီးသွားတဲ့မိသားစုတိုင်း ကျုပ်ဆီကနေ လျန်သုံးဆယ်စီရမယ်!"
ယွီမိသားစုနဲ့ လျိုမိသားစုကို တိုင်ပင်ပြီး ရွာသားတွေကို ပေးရမယ့် ငွေပမာဏကို ဆုံးဖြတ်ထားတာ ဖြစ်သည်။ ရှောင်ချောင်းရဲ့ အကြီးဆုံးအရီးမှာ အုတ်၊ ကြွေနဲ့ဆောက်ထားတဲ့ အိမ်ရှိပြီး ယွီမိသားစုအိမ်နဲ့ ရွာအကြီးအကဲရဲ့ အိမ်ကလွဲပြီး နောက်ထပ်အိမ်တစ်လုံးကပဲ ထိုနည်းလမ်းအတိုင်း ဆောက်ထားတာ ဖြစ်သည်။ သူတို့အိမ်ဆောက်ဖို့ဆို လျန်နှစ်ဆယ်ထက် ပိုမကုန်ဘူး။ ကျေးလက်ဒေသတွေမှာ လူတွေက အိမ်ဆောက်ဖို့ ကိုယ်တိုင် ရွှံ့အုတ်တွေလုပ်ကြပြီး ဆောက်လုပ်ရာမှာ ကူညီပေးဖို့ လူတချို့ကို ဖိတ်ခေါ်ကာ သူတို့အကူအညီအတွက် အစားအသောက် ကျွေးမွေးရုံသာ လိုအပ်သည်။ ကောက်ရိုးနဲ့ လုပ်တဲ့အိမ်တွေကတော့ ပိုရိုးရှင်းသည်။ နောက်ပြီး ကောက်ရိုးက ဈေးသက်သာတဲ့ ဆောက်လုပ်ပစ္စည်း ဖြစ်သည်။ ကောက်ရိုးနဲ့လုပ်တဲ့ အခန်းငါးခန်းပါ အိမ်တစ်အိမ်ဆောက်ဖို့ ဆယ်လျန်တောင် မကုန်ဘူး။
တုန်ရှန်းရွာသားတွေက သူ့ကြေညာချက်ကိုကြားတော့ သူတို့အားလုံး နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်မိသွားသည်။ ရွာအကြီးအကဲရဲ့ ဦးဆောင်မှုနဲ့ ရွာသားတွေက မင်းသားကို အရိုအသေပေးပြီး ကျေးဇူးတင်ကြောင်းတွေ ပြော‌နေကြသည်။
ကျူးကျွင်းယန်က လက်ကို ဖွဖွရမ်းပြီး မတ်တပ်ရပ်ခိုင်းလိုက်သည်။ ပြီးမှ သူက ယွီရှောင်ချောင်းကို မော်ကြွားနေတဲ့အကြည့်နဲ့ လှမ်းကြည့်လိုက်သည်။
ထိုအချိန်မှာတော့ ယွီရှောင်ချောင်းက ဒေါသတကြီးနဲ့ နှုတ်ခမ်းဆူပုတ်နေသည်။ သူမတို့ မိသားစုအိမ်က အရင်နေ့ကမှ ပြည့်စုံကောင်းမွန်နေတုန်း ‌ရှိသေးသည်။ အခုတော့ တစ်ရက်တည်းနဲ့ ဖျက်ဆီးခံလိုက်ရပြီး အပျက်အစီးပုံကြီး ဖြစ်သွားပြီ!!!

သက်တန့်ရောင် မိန်းမပျို Book 3Where stories live. Discover now