အပိုင်း ၄၃၁

1.4K 170 0
                                    

[Unicode]
အပိုင်း ၄၃၁ ဖောက်ထွင်းမြင်နိုင်မှု
'ဘာလို့ စောစောက မပြောတာလဲ!'
ယွီရှောင်ချောင်းက သူမ၏စိတ်ထဲတွင် မျက်လုံးလိမ့်လိုက်ပြီး အဝေးတွင် ရပ်နေသော မိန်းမစိုးအား ရေသန့်တစ်အိုးကို ယူလာဖို့ ထပ်အမိန့်ပေးလိုက်သည်။ သူမက လက်ကောက်ဝတ်မှ အံ့ဖွယ်ကျောက်တုံးကို ချွတ်ကာ ရီရှင်းရွှံ့လက်ဖက်ရည်အိုးအား ရေစုပ်ယူနိုင်ရန် ရေထဲတွင် တစ်ခဏကြာ စိမ်ထားလိုက်ပြီးနောက် မြေစေးမီးဖိုငယ်ပေါ် တင်လိုက်သည်။
[ရီရှင်းရွှံ့လက်ဖက်ရည်အိုး - ရှီရှင်းရွှံ့စေး (ခရမ်းရောင်သဲ)ဖြင့် ပြုလုပ်ထားသည့် လက်ဖက်ရည်အိုး]
“မင်းရဲ့ကျောက်တုံးက သန့်ရော သန့်ရဲ့လား? အဲ့ရေသောက်လိုက်လို့ ဒီကိုယ်တော် ဗိုက်နာသွားနိုင်လား?”
ကျူးကျွင်းဖန်က ဘာမှမဟုတ်ဘဲ ရေးကြီးခွင်ကျယ် လုပ်နေသည်။ သူက ရှောင်ချောင်း၏ လှုပ်ရှားမှုများကို ကြည့်လိုက်ပြီး အံ့ဖွယ်ကျောက်တုံးက ဝိညာဉ်စွမ်းအားထုတ်နိုင်ရန် ရေထဲတွင် ထည့်ထားဖို့လိုအပ်သည်ဟု သဘာဝကျကျ ယူဆလိုက်သည်။
ရှောင်ချောင်းက ပြန်ချေပဖို့ သူမပါးစပ်ကို မဖွင့်ခင်မှာ အံ့ဖွယ်ကျောက်တုံးလေးထဲက ရွှေရောင်အလင်းတန်းတစ်ခု ထွက်လာသည်။ ၎င်းက လူတစ်ယောက်၏ လက်ဖဝါးလောက်ရှိတဲ့ ရွှေဝါရောင်ကြောင်လေး တစ်ကောင်အဖြစ် ပုံပြောင်းလိုက်ပြီး စားပွဲပေါ်တွင် ရပ်နေသည်။ အံ့ဖွယ်ကျောက်တုံးလေးက ဝတုတ်တုတ် ကလေးလေး ပုံသဏ္ဍာန်ထက် ဒီကြောင်ပုံသဏ္ဍာန်ကို ပိုသဘောကျပုံရသည်။
"တုံးအလိုက်တဲ့ လူသားတွေ! ဒီအံ့ဖွယ်ကျောက်တုံးလေးရဲ့ ချိုးရေက မင်းတို့ခန္ဓာကိုယ်အပေါ် အမြဲ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုပဲ ရှိတယ်... ဘယ်လိုလုပ် ဝမ်းလျှောတာက အဆုံးသတ်ဖြစ်နိုင်မှာလဲ? မင်း မသောက်ချင်ရင်တောင် မင်းအစား ဝင်သောက်ဖို့ တန်းစီနေတဲ့လူတွေမှ တစ်ပုံကြီးပဲ!”
ရွှေဝါရောင်ကြောင်လေးက ပျင်းရိစွာ ရှေ့သို့ထွက်လိုက်ပြီး ပါးစပ်ကို ဖွင့်ပိတ်လုပ်လိုက်သည်။ ထိုစကားသံကို ရှောင်ချောင်းနဲ့ ကျူးကျွင်းဖန်တို့ကသာ ကြားရသည်။
ကျူးကျွင်းဖန်က မြေစေးမီးဖိုပေါ်မှ ပူနွေးလာသော ရီရှင်းရွှံ့လက်ဖက်ရည်အိုးကို ကြည့်လိုက်သည်။ ခွေးကန်ထဲရော က်သည့်နှယ် သူ့မျက်နှာပေါ်ရှိ အမူအရာမှာ ရွံ့ရှာမှုတို့ ရှိနေသည်။
“ဘာ? ဒါ မင်းရဲ့ချိုးရေတွေလို့ ပြောလိုက်တာလား? အဲ့ဒါက နည်းနည်းတော့ ရွံစရာဖြစ်မနေဘူးလား? မင်း နောက်ဆုံး ရေချိုးဖြစ်တာ ဘယ်လောက်ကြာခဲ့ပြီလဲ?"
“ငါလို အံ့ဖွယ်ကျောက်တုံးက မင်းလို ညစ်ပတ်တဲ့ လူသားတွေလိုများ ထင်နေတာလား? ဘာ? ကျန်းမာရေးနဲ့ မညီညွတ်ဘူး ဟုတ်လား? ဟမ့်! ဒီအံ့ဖွယ်ကျောက်တုံးက နေ့တိုင်း ရေချိုးတယ်… တစ်နေ့တည်းတင် အကြိမ်ပေါင်းများစွာ ချိုးဖြစ်တဲ့နေ့တွေတောင် ရှိသေးတယ်!”
အံ့ဖွယ်ကျောက်တုံးလေးက နဂိုကတည်းက ရေကြိုက်ပြီး အနီးနားရှိ ရေရင်းမြစ်များ သို့မဟုတ် ရေတွင်းများသို့ မကြာခဏ ရေစိမ်ဖို့ အပြေးသွားလေ့ရှိသည်။ လက်ရှိတွင် သူက သူ၏ဝိညာဉ်စွမ်းအင်ကို ကောင်းစွာ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်လို့ သူ့စွမ်းအင်အား အမှတ်မထင် ထုတ်လွှတ်မိတာမျိုး မဖြစ်တော့။ သူ့သခင်၏ အမိန့်မရမချင်း သူသည်လည်း မည်သည့်စွမ်းအင်ကိုမှ ထုတ်မလွှတ်ပေ။
သို့သော်ငြား ကျူးကျွင်းဖန်မှာ ထိုရှင်းပြချက်ကို ကွဲပြားသည့် ပုံစံတစ်မျိုးဖြင့် နားလည်သွားသည်။ သူ့စိတ်ထဲတွင် ရှောင်ချောင်းမှာက ကောက်ပဲသီးနှံတွေ ကောင်းစွာကြီးထွားစေရန် နေ့စဉ်တိုင်း အံ့ဖွယ်ရေကိုဖန်တီးဖို့ အံ့ဖွယ်ကျောက်တုံးလေးရှိသည်။ ဒီကျောက်တုံးသေးသေးလေးက အံ့ဖွယ်ကျောက်ရေကို လုံလုံလောက်လောက် ရဖို့အတွက် အရမ်းကြိုးစားနေရတဲ့ ပုံပဲ။ ကြည့်ရတာ ဒီအံ့ဖွယ်ကျောက်တုံးက အတိုင်းအဆမဲ့ အစွမ်းအစမျိုးတော့ မရှိပုံရသည်။ အံ့ဖွယ်ကျောက်တုံးလေး၏ စွမ်းရည်များက သူထင်ထားသည်နှင့် အလှမ်းဝေးနေသောကြောင့် သဘာဝကျကျပင် ထိုရတနာကို သူကိုယ်တိုင် သိမ်းထားလိုသောဆန္ဒမှာ ပျောက်ဆုံးသွားတော့သည်။
သူ အတွေးထဲ မျောနေစဉ်မှာ လက်ဖက်ရည်အိုးထဲကရေက နောက်ဆုံးတော့ ပွက်ပွက်ဆူလာသည်။ ရေအေးအောင် စောင့်ပြီးနောက် လက်ဖက်ရည်နှပ်သည့် လုပ်ငန်း စတင်တော့သည်။ လက်ဖက်ရည်ကို မမြည်းစမ်းနိုင်ခင်မှာပင် နူးညံ့ပြီး စွဲဆောင်မှုရှိသည့် ရနံ့တစ်ခုက လေထဲ ပျံ့နှံ့လာသည်။
အသုံးပြုထားသော လက်ဖက်ရွက်တို့မှာ အရည်အသွေးအမြင့်မားဆုံး အူလုံနှင့် တဟုန်ဖောင်တို့ ဖြစ်သည်။ ထိုလက်ဖက်အရွက်များကို မြင့်မားသော ချောက်ကမ်းပါးပေါ်တွင် ပေါက်ရောက်နေသည့် နှစ်တစ်ထောင်ကျော် သက်တမ်းရှိသော နှစ်ချို့လက်ဖက်ပင်မှ ကောက်ယူထားသည်ဟု ဆိုကြသည်။ ထိုလက်ဖက်ရွက်များကို လှော်ပြီး ဓာတ်ပေါင်းဖို့ ရှုပ်ထွေးသောလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးနောက်မှ သူတို့က တစ်နှစ်လျှင် လက်ဖက်ခြောက် အချောထည် နှစ်ကျင်းခန့်သာ ရရှိတာဖြစ်သည်။
ဒုတိယအကြိမ်နှပ်ထားသည့် တဟုန်ဖောင်မှာ ပိုနူးညံ့လာပြီး အရသာ ပိုကြွယ်လာပုံရကာ ၄င်း၏ အနံ့မှာလည်း အနည်းငယ်ပိုသင်းလာသည်။ ကျူးကျွင်းဖန်က ဒီလက်ဖက်ရည်အတွက် အသုံးပြုသော ရေမှာ နည်းစနစ်ကျကျ အံ့ဖွယ်ကျောက်တုံးလေး၏ ချိုးရေဖြစ်သည်ဟူသောအချက်ကို လုံးလုံးမေ့လျော့နေလေပြီ။ သူက လက်ဖက်ရည်၏ ရနံ့ကို ခပ်ဖြည်းဖြည်း ရှူသွင်းလိုက်ပြီး တစ်ကျိုက်မြည်းစမ်းလိုက်သည်။ လက်ဖက်ရည်၏ စင်ကြယ်သည့် အရသာမှာ လူတစ်ယောက်အား မရပ်တန့်စေဘဲ ဆက်သောက်ဖို့ ပြောနေသလိုပင်။
"အင်း… ဒီ အရသာပဲ!”
ထိုလက်ဖက်ရည်တစ်ခွက် သောက်ပြီးတာနဲ့ ကျူးကျွင်းဖန်က ကိုယ်တိုင်ကိုယ်ကျပဲ ဒုတိယတစ်ခွက် ထပ်ထည့်လိုက်သည်။ တတိယအကြိမ် နှပ်ထားသည့် လက်ဖက်ရွက်မှ ဖျော်စပ်ထားသော လက်ဖက်ရည်မှာ ဒုတိယခွက်ထက် လုံး၀ကို အနံ့အရသာပိုပြေပြစ်ပုံရတယ်။
ဧကရာဇ်က လက်ဖက်ရည်သောက်တဲ့ထဲ စျာန်ဝင်သွားကာ သူ့အမိန့်ကိုစောင့်ဖို့ ဘေးတွင်ရှိနေဆဲဖြစ်သည့် ရှောင်ချောင်းကို မေ့သွားပုံရသည်။ ဧကရာဇ် တတိယမြောက် လက်ဖက်ရည်ခွက်အား သောက်ပြီးကြောင်း အတည်ပြုပြီးနောက်မှ ရှောင်ချောင်းက သူမပါးစပ်အား ဖွင့်ဟလာသည်။
"ဧကရာဇ်မင်းမြတ်, ဒီအရာရှိကို ဆင့်ခေါ်လိုက်ရတဲ့ ရည်ရွယ်ချက်က ဒီလက်ဖက်ရည်အိုးကို ဖျော်စပ်ဖို့ တစ်ခုတည်းအတွက်တော့ မဟုတ်ဘူးမလား?”
"သေချာတာပေါ့… ဘယ်ဟုတ်ပါ့မလဲ!”
နောက်ဆုံး ကြွေခွက်ကို တုံ့ဆိုင်းစွာ မချလိုက်မီ နောက်တစ်ခွက်ကို သူသောက်လိုက်ပြီး ဆိုလိုက်၏။
"ကျွင်းယန် ပို့လိုက်တဲ့ သဝဏ်လွှာတွေကို ငါကိုယ်တော်ဖတ်ပြီးပြီ... အဲ့ဒါတွေကို ပို့လိုက်ဖို့ တောင်းဆိုခဲ့တာ မင်းမလား?"
“ဟီးဟီး… တော်ဝင်စိုက်ခင်းတွေရဲ့ အနီးတစ်ဝိုက်က တောင်တွေမှာ ဘာမှမစိုက်ပျိုးထားဘဲ ဒီအတိုင်း တောင်လွတ်ကြီးတွေဖြစ်နေတာကို ကျွန်မမြင်လိုက်ရတယ်… အဲ့ဒါက အရင်းအမြစ်တွေ ဖြုန်းတီးရာ ရောက်တယ်လို့ တွေးမိလိုက်ပြီး ကျွန်မက အကျိုးရှိတာတစ်ခုခု လုပ်ချင်လို့ပါ! အဲ့ဒီတောင်တွေပေါ်မှာ စိုက်တဲ့ သီးနှံတွေသာ ဖြစ်ထွန်းခဲ့ရင် ကျွန်မက အရှင့်ကို ဝေစုထပ်ပေးမှာပေါ့!”
ယွီရှောင်ချောင်းက သူမမျက်နှာပေါ်မှ မြှောက်ပင့်လိုသည့်အပြုံးဖြင့် နားချလိုက်သည်။
ကျူးကျွင်းဖန်က ထိုအကြောင်းကို များများစားစား မတွေးလိုပုံရကာ ခေါင်းညိတ်ပြလိုက်ပြီး
“ဒီကမ္ဘာမှာက အသီးအနှံမျိုးစုံ လုံလုံလောက်လောက်မရှိသလို အရသာလည်း သိပ်မကောင်းဘူး... ယန်ထိုက်စီရင်စုက ပေးပို့တဲ့ ပန်းသီးတွေက ငါ အရင်ဘဝတုန်းက စားခဲ့တဲ့ ဖူဂျီပန်းသီးတွေလောက် မကြီးသလို အရသာလည်း မရှိဘူး… နောက်ပြီး ဒီကသစ်တော်သီးတွေကလည်း အသားကြမ်းပြီး အရည်လည်း လုံလုံလောက်လောက် မရွှမ်းဘူး... ချိုလည်း မချိုဘူး... စပျစ်သီးတွေက ချိုဖို့နေနေသာသာ ချဉ်စူးနေလို့ပဲ... ပြီးတော့ ဖရဲသီးတွေ..."
“သူတို့က ချိုပေမယ့် ဖရဲသီးအသားက တစ်ခုခုလွဲ နေသေးတယ်… မင်း စိုက်တဲ့ ဖရဲသီးတွေကပဲ ငါတို့အရင်ဘဝက အသီးတွေနဲ့တူတာ… အဲ့ဒါက အရွယ်အစားလည်းကြီး… ဖရဲသီးအသားကလည်း နီရွှဲလို့… အရသာဆိုရင်လည်း အရည်ရွှမ်းပြီး ချိုနေတာပဲ! ဆိုလိုတာက မင်းက အသီးအနှံတွေ စိုက်ပျိုးတဲ့နေရာမှာ အရည်အချင်းရှိတယ်... ကောင်းပြီ… တော်ဝင်စိုက်ခင်းအနီးက တောင်ကုန်းတွေအားလုံးကို သီးပင်စားပင်တွေစိုက်ပျိုးဖို့ မင်းအပိုင် အပ်နှင်းတယ်... ဒါပေမယ့် နောင်မှာ နန်းတော်အတွက် အသီးအနှံတွေအားလုံးကို မင်းက အလကား ထောက်ပံ့ပေးရမယ်!”
"နန်းတော်အတွက် အသီးအနှံတွေပဲဆိုတော့... အဲ့ဒါက သာမန်မိန်းမစိုးတွေနဲ့ နန်းတော်အစေခံတွေ မပါဘူးပေါ့နော်?"
ယွီရှောင်ချောင်းက မျက်မှောင်ကြုတ်လျက် ထိုအခြေအနေအား ဈေးဆစ်တော့သည်။
ကျူးကျွင်းဖန်က သူမကို လက်ညိုးထိုးပြပြီး ရယ်မောဒေါသထွက်ကာ ဆိုလာ၏။
"တော်ဝင်စိုက်ခင်းအနီးက တောင်ကုန်းအားလုံးမှာ အသီးပင်တွေ စိုက်ထားရင် နန်းတော်တစ်ခုတည်း မပြောနဲ့ မြို့တော်တစ်ခုလုံးကို ထောက်ပံ့ဖို့တောင် အသီးအနှံတွေက လုံလောက်တာထက် အများကြီး ပိုနေလိမ့်မယ်… မင်းက ဘယ်လောက်ထိတောင် တွန့်တိုနေလိုက်လဲ? နည်းနည်းလေးကိုတောင်မှ အဆုံးရှုံးမခံချင်ဘူးလား?"
“မိန်းမစိုးတွေနဲ့ နန်းတွင်းအစေခံတွေ အားလုံးပေါင်းလိုက်ရင် တစ်ထောင်မဟုတ်ရင်တောင် အနည်းဆုံးတော့ ရာဂဏန်းတော့ရှိမှာပဲ... ကျွန်မသာ နန်းတော်ထဲက လူအယောက်စေ့ကို အသီးအနှံတွေ ထောက်ပံ့ရရင် ဘယ်လောက်တောင် ကုန်ကျသွားမလဲ? ကျွန်မက အသေးစားစီးပွားရေးကိုပဲ ကိုင်တွယ်နေရတော့ ဒီလောက် အများကြီးကျ အလကား မပေးနိုင်ဘူး!”
ယွီရှောင်ချောင်း၏ ခြိုးခြံချွေတာမှုမှာ ဂိတ်ဆုံးသို့ပင်ရောက်နေပြီ။
"ကောင်းပြီလေ! ဒါဆိုလည်း မင်းက သခင်တွေနဲ့ အဆင့်မြင့် မိန်းမစိုးရယ် အစေခံတွေစားဖို့ရယ်ပဲ တာဝန်ယူတော့... စုစုပေါင်းဆို လူသုံးဆယ်ကနေ လေးဆယ်ထက် မပိုဘူး... ဒါဆိုရင်ရော အဆင်ပြေရဲ့လား? မင်းအတွက် အရှုံးမရှိဘူးမလား?"
ကျူးကျွင်းဖန်မှာ အင်တင်တင်နှင့် အလျော့ပေးလိုက်ရသည်။
ရုတ်တရက် သူ တခြားအကြောင်းအရာတစ်ခုကို စဉ်းစားမိပြီး ထိုအကြောင်းအရာကို ထုတ်ပြောလိုက်သည်။
"အသီးအရွက်တွေ စိုက်ပျိုးဖို့ ဖန်လုံအိမ်အတွက်ကို ဖန်တွေချည်းသုံးမယ်ဆိုရင် အကုန်အကျများလိမ့်မယ်… အဲ့လိုဆိုရင် အတိုင်းအတာ အများကြီးထိ လုပ်နိုင်မှာမဟုတ်ဘူး... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရော်ဘာတာယာတွေ ထုတ်လုပ်နည်းကို ငါ ရှာတွေ့ခဲ့တုန်းက ပလတ်တစ် အလွှာထူထူတွေ ပြုလုပ်ဖို့ နည်းလမ်းတစ်ခုကိုလည်း ထွင်ခဲ့ဖူးတယ်… ဒါပေမယ့်လည်း အဲ့ဒီပလတ်စတစ်ရဲ့ခိုင်ခံ့မှု… ပျော့ပြောင်းမှုနဲ့ ဖောက်ထွင်းမြင်နိုင်မှုတို့က သာမန်လောက်ပဲ”
“အဲ့တုန်းကတော့ အဲ့ဒါကို အရေးကြီးပစ္စည်းလို့ မယူဆထားဘူး… ပြီးတော့ ပတ်ဝန်းကျင်ကိုလည်း ညစ်ညမ်းစေတာမို့ နောက်ထပ် ထပ်မလေ့လာခဲ့ဘူး… တကယ်လို့ မင်းက ဖန်လုံအိမ်တွေမှာ အသီးအရွက်ကို ပမာဏများများ စိုက်ပျိုးဖို့ စီစဉ်ထားတယ်ဆိုရင် အလုပ်သမားဝန်ကြီးဌာနမှာရှိတဲ့ လူအချို့ကို အချိန်ပိုဆင်းခိုင်းပြီး မင်းကို ကူညီဖို့ တော်ဝင်အမိန့်ကို ငါ ပေးလို့ရတယ်... အဲ့ဒါက အလုပ်ဖြစ်လောက်မလား?"
ယွီရှောင်ချောင်းက မျှော်လင့်ထားသည်ထက် ပို၍ပင် ကျေနပ်သွားသည်။ သူမက ကြက်သွန်ဖြူ ထောင်းသလို ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်ပြီး အသက်မရှူနိုင်ခင် ပြောလိုက်သည်။
“ပလတ်စတစ်အလွှာတွေ ရနိုင်ရင် ပိုကောင်းတယ်! အခုက နွေရာသီအစပဲ ရှိသေးတော့ ကျွန်မတို့ အလျင်မလိုသေးဘူး.. အရင်ဆုံး အရှင်မင်းမြတ်က အလုပ်သမားဝန်ကြီးဌာနမှာ လူတွေကို လက်တွေ့စမ်းသပ်မှု နည်းနည်းလောက် လုပ်ခိုင်းပြီး ပလတ်စတစ်အလွှာတွေရဲ့ ဖောက်ထွင်းကြည်လင်မှု ပိုတိုးလာအောင် လုပ်ပေးနိုင်မလားကို စောင့်ကြည့်ရင်ရော ဘယ်လိုလဲ?"
"ဟုတ်ပြီ! အားလုံးက ဒီကိုယ်တော့် စကားတစ်ခွန်းနဲ့တင် ပြီးတယ်… ဒီရှေးလူတွေကို အထင်မသေးနဲ့... တစ်ခါတလေဆိုရင် ငါက သူတို့ကို ဟိုဟို ဒီဒီ အကြံဥာဏ်လေး ပေးရုံနဲ့ ရလဒ်တွေ အများကြီးရတယ်... ဉာဏ်ကြီးရှင်တွေက ခေတ်တိုင်း ရှိပုံရတယ်!”
ကျူးကျွင်းဖန်က ဤကိစ္စအပေါ် နှစ်ထောင်းအားရစွာ ညည်းညူးလေ့ရှိသည်။ သူမှာ သူ့အတိတ်ဘဝက အင်ဂျင်နီယာ နောက်ခံရှိထားတာကြောင့် ဒီနယ်ပယ်များတွင် အရည်အချင်းရှိ တီထွင်သူများနဲ့ လုပ်သားများကို အရေးတယူ စောင့်ကြည့်ခဲ့သည်။ ထို့ကြောင့်ပင် သူ၏အုပ်ချုပ်မှုအောက်၌ အလုပ်သမားဝန်ကြီးဌာနသည်လည်း တဖြည်းဖြည်း ကျယ်ပြန့်လာပြီး အရည်အချင်းရှိသူများကို စုဆောင်းလာနိုင်ခဲ့သည်။
"ဟီး ဟီး! ဒီကနေ ကြီးမားတဲ့ ဖန်လုံအိမ်တွေကို ဆောက်နိုင်ခဲ့ရင် နန်းတော်အတွက် အသီးအရွက်တွေအားလုံးကို ကျွန်မက အခမဲ့ပေးမယ်!”
ယွီရှောင်ချောင်းက သူမ၏ ရင်ဘတ်ကို ပုတ်ကာ ပျော်ရွှင်စွာ ကတိပေးလိုက်သည်။
ကျူးကျွင်းဖန်က သူမကို စိုက်ကြည့်ပြီး အပြစ်တင် မောင်းမဲလိုက်သည်။
“မင်းက ဒီနန်းတော်ကို အသီးအရွက်တွေပဲ အလကားပေးမှာလား? မင်းဘက်က အကျိုးအမြတ်များများ ယူနေသလို မဖြစ်ဘူးလား? မင်းကို ဖန်လုံအိမ်တွေမှာ အသီးအရွက်တွေ စိုက်ပျိုးနိုင်အောင် တော်ဝင်စိုက်ခင်းက လယ်မူနှစ်ရာကို ပေးထားတယ်လေ... ဒါကြောင့် ငါတို့တွေ ဝင်ငွေကို ၄၀-၆၀ ခွဲသင့်တယ်... မင်းက ၆၀ ရာခိုင်နှုန်းယူ ငါကိုယ်တော်က ၄၀ ရာခိုင်နှုန်းယူမယ်!”
ယွီရှောင်ချောင်းက ကန့်ကွက်ခါနီးတွင် သူက ကြားဖြတ်နှောင့်ယှက်လာသည်။
“ငါ့ကို မအော်နဲ့ဦး! ငါ မင်းကို အကျဉ်းချုပ် တွက်ပြမယ်! လယ်မြေတွေ၊ ပလတ်စတစ်အကာတွေနဲ့ အလုပ်သမားတွေကို တရားရုံးက မင်းကို အခမဲ့ပေးတာ... မင်းက ကျွမ်းကျင်မှုတွေပဲ ထောက်ပံ့ပေးရုံလေ… အဲ့တာကို အမြတ်တွေအားလုံး ရတဲ့သူက မင်းတစ်ယောက်ထဲ ဘယ်လိုဖြစ်သွားရတာလဲ?"
ယွီရှောင်ချောင်းက အနည်းငယ် တွေးတောဖို့ စိတ်တည်ငြိမ်စေလိုက်သည်။ ဧကရာဇ်ပြောတာ မှန်သည်။ ဖန်လုံအိမ်မှာ ဟင်းရွက်စိုက်ပျိုးရသည့် ဗဟုသုတနဲ့ အံ့ဖွယ်ကျောက်ရေကလွဲလို့ သူမ ကြိုးပမ်းအားထုတ်ရသည်မှာ သိပ်မရှိပေ။ သို့သော်လည်း ဝင်ငွေ၏ လေးဆယ်ရာခိုင်နှုန်းကို ပေးလိုက်ရမည် ဆိုသည့်အချက်က သူမကို အနည်းငယ် မပျော်မရွှင်ဖြစ်စေသည်။
“လယ်မြေတွေက အရှင်မင်းမြတ်ရဲ့ပိုင်ဆိုင်မှု လက်အောက်မှာရှိပြီး အလုပ်သမားတွေလည်း ရှိနေပြီးသား... အရှင်မင်းမြတ်က ပလတ်စတစ်အလွှာတွေကိုပဲ ထောက်ပံ့ပေးရတာဖြစ်ပေမယ့် ဝင်ငွေလေးဆယ်ရာခိုင်နှုန်းတောင် ရချင်နေတယ်... နည်းနည်းများလွန်နေပြီ မဟုတ်လား? ဟူး..."
“ပလတ်စတစ်အလွှာနည်းပညာသာမရှိရင် ဖန်နဲ့တည်ဆောက်ထားတဲ့ ဖန်လုံအိမ်တွေကို သုံးရလိမ့်မယ်… အဲ့လိုသာဆိုရင် မင်း အရင်းပါ ပြုတ်သွားနိုင်တယ်… ဒါတောင် မင်းက အသီးအရွက်တွေ ဘယ်လောက် စိုက်ပျိုးနိုင်မှာမို့လဲ? အဲ့အတိုင်းသာသွားရင် ဝင်ငွေက ဘယ်ကဘယ်လို ဖြစ်လာတော့မှာလဲ? ဒါတွေအားလုံးကို တွက်ကြည့်ပြီးပြီလား? လောလောဆယ် မင်းကို စိုက်ခင်းထဲက လယ်မူနှစ်ရာ ပေးထားတယ်… ဒါက ပထမဦးဆုံးနှစ်ပဲ ရှိသေးတာ… ဒါသာ အောင်မြင်ခဲ့ရင် ငါတို့ ဒီထက်ပိုပြီး ချဲ့ထွင်နိုင်တယ်... တွေးရုံပဲတွေးကြည့်! တစ်နှစ်မှာ ဖန်အစား ပလတ်စတစ်ကို အသုံးပြုလိုက်ရင် ဘယ်လောက်ကွာခြားသွားမလဲဆိုတာ? ကဲ.. ဆိုပါဦး ငွေရှာစက်လေး! ဘာကပိုယုတ္တိတန်သလဲ? "
ဒီဝင်ငွေရဲ့ လေးဆယ်ရာခိုင်နှုန်းက သူ့ပိုင်ငွေအိတ်ထဲကို ရောက်သွားသော်လည်း သူက ထီးနန်းတက်ကတည်းက ငွေအမြောက်အများ သုံးပေးခဲ့တာဖြစ်သည်။ သူကိုယ်တိုင်သုံးခဲ့တဲ့ငွေက တိုင်းပြည် ပြန်ကောင်းလာဖို့နဲ့ တိုင်းပြည်စီးပွားရေး တည်ငြိမ်အောင် ကူညီဖို့ပင်။ ပထမဆုံးနှစ်နှစ်အတွင်း ကောက်ခံထားသည့် အခွန်မှ ရရှိသည့်ဝင်ငွေမှာ တိုင်းပြည်၏ အသုံးစရိတ်အားလုံးကို ကာမိရန် မလုံလောက်ခဲ့ပေ။ စီးပွားရေး အခွင့်အလမ်းတွေ ချဲ့ထွင်ဖို့ နှစ်နှစ်ကြာ ကြိုးစားခဲ့ပြီးမှသာ ဖိအားတွေ တဖြည်းဖြည်း လျော့ပါးလာခဲ့တာ ဖြစ်သည်။ ပင်လယ် ခရီးထွက်ဖို့ ပြင်ဆင်ခဲ့စဉ် သူ ရှာခဲ့သော ငွေများမှာ တော်ဝင်ဘဏ္ဍာတိုက်ကို ထောက်ပံ့ဖို့အတွက် တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။ သူသာ ထိုဘဏ္ဍာငွေတွေကို ပြန်မစုခဲ့ရင် နောင်မှာ သူ့သားစဉ်မြေးဆက်တွေ အမွေဆက်ခံစရာ အခွံချည်းပဲ ကျန်လိမ့်မယ်!
ယွီရှောင်ချောင်းက သူမစိတ်ထဲမှာ အရာအားလုံးကို တွက်ချက်ထားပြီးသား ဖြစ်သည်။ အကယ်၍ သူမသာ ဒီဖန်လုံအိမ်များကို တည်ဆောက်ဖို့ ဖန်ကိုပဲ အသုံးပြုနိုင်ခဲ့မယ်ဆို တစ်နှစ်အတွင်း ဟင်းသီးဟင်းရွက် တစ်ထောင်ကျင်းပင် သိမ်းနိုင်လိုက်မှာမဟုတ်ပေ။ ဈေးကောင်းသော်လည်း ဝင်ငွေမှာ ထောင်ဂဏန်းမျှသာ ရှိသေးသည်။ ယခု သူမက ထိုဖန်လုံအိမ်ကြီးများကို တည်ဆောက်ဖို့ ပလတ်စတစ်အလွှာကို အစားထိုး အသုံးပြုမယ်ဆိုရင် တစ်နှစ်အတွင်း အသီးအရွက် ကျင်းတစ်သိန်းခန့် သိမ်းနိုင်လာမည်ဖြစ်သည်။ ငွေပိုရှာဖို့ ဒီအခွင့်အရေးကို မယူခဲ့ရင် သူမက မိုက်မဲတာပဲ။ ထို့ကြောင့် ယွီရှောင်ချောင်းက ဧကရာဇ်မင်းမြတ်၏ တောင်းဆိုချက်ကို အဆင့်သင့်စွာ သဘောတူလိုက်တော့သည်။
သူမ ထွက်မသွားခင် ကျူးကျွင်းဖန်က သူမကို တော်ဝင်စားဖိုဆောင်သို့သွားခိုင်းပြီး စားဖိုဆောင်အတွင်းရှိ တွင်းရေများကို ပြောင်းလဲဖို့ အံ့ဖွယ်ကျောက်တုံးလေးကို အသုံးပြုခိုင်းသည်။ ထိုမိန်းကလေးငယ် စားဖိုဆောင်မှ နောက်ဆုံးအကြိမ် ထွက်သွားစဉ်က အစားအသောက်များက သူမ ထွက်သွားပြီး နည်းနည်းကြာတော့ အရသာ ပိုကောင်းလာသည်။ မူလက တော်ဝင်စားဖိုမှူးများက ထိုမိန်းကငယ်လေး၏ ညွှန်ကြားချက်အောက်တွင် သူတို့၏ အရည်အချင်းကို မြှင့်တင်ခဲ့တာဟု သူ ထင်နေခဲ့သည်။ သို့သော်လည်း အချိန်ကာလကြာ လာပြီးနောက်တွင် တော်ဝင်စားဖိုမှူးများ ပြုလုပ်သော အစားအစာများက သူတို့၏ အရသာဟောင်းသို့ ပြန်လည်ရောက်ရှိသွားကာ ထိုမိန်းကလေးငယ်ရှိစဉ်ကလို အရသာ မကောင်းတော့ပေ။
ယခုတော့ ခြားနားချက်၏ အကြောင်းရင်းကို သူ နားလည်သွားပြီဖြစ်သည်။ အဲ့ဒါက တော်ဝင်စားဖိုမှူးတွေ အရည်အချင်း ညံ့တာကြောင့် မဟုတ်ဘူး။ ထိုအစား ရေအရည်အသွေး ကွာခြားခြင်းကြောင့် ဖြစ်သည်။ အစောပိုင်းက လက်ဖက်ရည်အိုးနဲ့ အလားတူပင်။ မိန်းကလေးငယ်က တွင်းရေအား တိတ်တဆိတ် အံ့ဖွယ်ကျောက်ရေအဖြစ် ပြောင်းလဲစေခဲ့ပြီး ရေရဲ့အရည်အသွေးအပြင် အစားအစာရဲ့အရည်အသွေးကိုပါ ပြောင်းနိုင်ခဲ့သလိုဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူမက တော်ဝင်စားဖိုဆောင်ထဲ ရောက်နေပြီဆိုတော့ ယွီရှောင်ချောင်းက ထိုနေရာတွင် ဟင်းပွဲ စချက်တော့သည်။ ဒီတစ်ခါတော့ သူမ ကျွမ်းကျင်သည့် အချိုပွဲနှစ်ပွဲ ပြင်လိုက်သည်။ တစ်မျိုးက ပျားရည်ကိတ်မုန့် ဖြစ်ပြီး နောက်တစ်ခုကတော့ ကြက်ဥအလွှာမုန့်ဖြစ်သည်။ နှစ်မျိုးစလုံးမှာ ကလေးလေးတွေ သဘောကျတဲ့ အချိုပွဲတွေ ဖြစ်သည်။ သူမ တော်ဝင်ဥယျာဉ်ထဲ ရောက်တုန်းက အိမ်ရှေ့စံမင်းသားငယ်လေးနှင့်တွေ့ခဲ့ပြီး အခွင့်အရေးရှိပါက အထူးသဖြင့် သူ့အတွက် တစ်ခုခုလုပ်ပေးမည်ဟု ကတိပြုခဲ့သည်။ အခုလည်း သူမစကားအတိုင်း ကောင်းကောင်းလုပ်ရတော့မည်ပင်။
သူမက ထိုမုန့်နှစ်မျိုးရဲ့ ပြုလုပ်နည်းကို တော်ဝင်စားဖိုမှူးများအား ကိုယ်တိုင်ကိုယ်ကျ သင်ပေးနေစဉ်တွင် ဧကရာဇ်မင်းမြတ်၏ ယုံကြည်ရသည့် မိန်းမစိုးက အံ့ဖွယ်ကျောက်တုံးကို ရေတွင်းထဲသို့ လျှို့ဝှက်စွာ ထည့်ထားလိုက်သည်။ သူမ ထွက်ခွာတော့မယ့်အချိန်မှာလည်း သူမကိုပြန်ပေးဖို့ သတိတရရှိသည်။ တကယ်တော့ သူမ အံ့ဖွယ်ကျောက်တုံးကို ပြန်ယူဖို့ မေ့သွားရင်တောင် ပြဿနာမရှိဘူး။ အံ့ဖွယ်ကျောက်တုံးလေးက သူ့ရဲ့ ကျောက်တုံးကိုယ်ထည်ကို သူမဆီ အလိုလို ပြန်ယူလာလိမ့်မည်ဖြစ်သည်။
ယွီရှောင်ချောင်းက နေ့လယ်စာ စားပြီးမှာသာ တော်ဝင်နန်းတော်မှ ထွက်ခွာလာခဲ့သည်။ စားဖိုဆောင်မှာ အလုပ်လုပ်တဲ့ တော်ဝင်စားဖိုမှူးတွေက အတော်လေး အရည်အချင်းရှိကြသည်။ အံ့ဖွယ်ရေ ထည့်လိုက်သည်နှင့် သူတို့ပြုလုပ်ထားသော အစားအစာများက ယခင်ကထက် အလိုအလျောက် ပိုမိုကောင်းမွန်လာသည်။ ယွီရှောင်ချောင်းက နန်းတော်မှ မထွက်ခွာမီ သားနားပြီး အရသာရှိသည့် အစားအစာများကို အားပါးတရ စားခဲ့သည်။
ထိုနန်းတော်၏ သခင်တွေကတောင် ဒီနေ့လယ်စာကို အလွန်ပင် စိတ်ကျေနပ်သွာကြပြီး စားဖိုဆောင်အား ဆုလာဘ်တွေ အများအပြား ပေးပို့စေလိုက်သည်။ တော်ဝင်မင်းသားလေးနဲ့ မင်းသမီးလေးတို့ကလည်း ဒီနေ့ အချိုပွဲကို အလွန်အမင်းပင် ကျေနပ်အားရနေကြသည်။ အထူးသဖြင့် သူတို့က ကြက်ဥအလွှာမုန့်ကို ကြိုက်ကြပြီး စားတာကိုပင် မရပ်တန့်ချင်ကြပေ။ မနက်ဖြန်မှာလည်း သူတို့က ဒီမုန့်ထပ်စားချင်တဲ့အကြောင်း သတင်းပါးဖို့ မိန်းမစိုးတစ်ယောက်ကိုတောင် စေလွှတ်လာသည်။
တော်ဝင်မင်းသားငယ်လေးက ဒီနေ့ မုန့်များကို ယွီရှောင်ချောင်း ကိုယ်တိုင်ပြုလုပ်တာ ဟုတ်၊ မဟုတ် ဧကရီနှင့်ပင် အလောင်းအစားလုပ်ခဲ့သည်။
သူတို့ စုံစမ်းကြည့်ပြီးနောက်တွင် သူက သူ့မယ်တော်ရဲ့ အရှုံးကို ဝမ်းမြောက်စွာ ခံယူလိုက်ကာ နောင်တွင် ယွီရှောင်ချောင်းကို တော်ဝင်နန်းတော်သို့ မကြာခဏ ခေါ်ဆောင်ဖို့ သူ့မယ်တော်အား အသနားခံ တောင်းဆိုလာသည်။ အကြောင်းပြချက်ကတော့ သိသာပါသည်...

သက်တန့်ရောင် မိန်းမပျို Book 3Where stories live. Discover now