အပိုင်း ( ၁၂ )

11.3K 356 22
                                    

Unicode

ကားကို အရမ်းအမြန်မောင်းနေတာမို့ ကြောက်ကြောက်နဲ့သာ ကားထိုင်ခုံခါးပတ်ကို တင်းတင်းဆုတ်ကိုင်လိုက်ပြီး မျက်လုံးကို မှိတ်ကာ တိတ်တဆိတ်သာ လိုက်ခဲ့ရသည်။

ကားရပ်သွားသည်‌နှင့် သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ဦးက ကားပေါ်က ဆင်းသွားပြီ ဖြစ်သည်။ ကားရှေ့ကနေ ဖြတ်သွားပြီး မိုးဆီကို လာကာ ကားတံခါးကို ဖွင့်လိုက်ပြီး မိုးကို အတင်းဆွဲခေါ်သည်။

"ဦး ဒါဘာလုပ်တာလဲ"

"မရုန်းနဲ့။ ပါးစပ်ပိတ်ပြီး လိုက်ခဲ့"

"ဟင့်အင်း"

ဦးကို ရုန်းနေရင်း ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မရင်းနှီးတဲ့ နေရာကို ရောက်နေတာ ဖြစ်သည်။ ကြည့်ရတာ အိမ်ရာဝင်းထဲတစ်ခုဖြစ်နေပြီး ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။

"ဦး..."

အခုထိကားပေါ်ကနေတောင် မဆင်းရသေးတဲ့ မိုးကို ဦးက ပွေ့ချီက ခေါ်သွားလေသည်။

"မိုးကို ပြန်ချပေး"

"ငြိမ်ငြိမ်နေစမ်း"

အိမ်ထဲကို ရောက်တော့ ဦးက မိုးကို ကုတင်ပေါ်မှာ ပစ်ချထားခဲ့ပြီး အခန်းထဲက ထွက်သွားလေသည်။ မီးပျက်နေသည်လား ၊တမင် မီးပိတ်ထားသည်လားတော့ မသိပေ။ အခန်းဟာ မှောင်နေပြီး ဘာကိုမှ သေချာမမြင်ရ။ ခဏလောက်ကြာနေတဲ့အထိ ဦးက ပြန်မလာတာမို့ မိုး ကုတင်ပေါ်မှာပဲ ငြိမ်ငြိမ်လေးထိုင်နေလိုက်သည်။ ကြောက်နေတာမျိုးတော့ မဟုတ်ပေမယ့် ဦး မိုးကို ဘာလုပ်မလို့လဲ ဆိုတဲ့စိတ်ကြောင့် ပြာယာတော့ခတ်နေလေသည်။

ဒီလိုနဲ့ပဲ ကြာသည်အထိ ဦးက ရောက်မလာတာမို့ စမ်းတဝါးဝါးနဲ့ပဲ ကုတင်ဘေးက မီးအိမ်ကို ရှာပြီး ဖွင့်ကြည့်လိုက်တော့ လိမ္မော်ရောင် ဖျော့ဖျော့ အလင်းရောင်လေးက အခန်းထဲသို့ဖျာကျလာလေသည်။ ထိုအလင်းရောင်ရဲ့ အကူအညီနဲ့ပဲ အခန်းမီးကို ဖွင့်လိုက်ကာ အခန်းတံခါးကို လော့ခ် ချထားမလားလို့ ဖွင့်ကြည့်လိုက်ပေမယ့် လော့ခ်ချမထားတာကြောင့် ပွင့်သွားလေသည်။

Love that starts with divorceWhere stories live. Discover now