အပိုင်း(၁၇)

10.7K 456 50
                                    

Unicode

နောက်တစ်နေ့ မနက်တော့ ဦး ပြန်ရောက်လာပါသည်။ မိုး နိုးလာတဲ့ အချိန်မှာ ကြီးမေက ဦးရဲ့ ပစ္စည်းတွေကို နေရာပြန်ချပေးနေလေသည်။

"ဦး ပြန်ရောက်ပြီလား"

"ရောက်ပြီ မိုးလေး။ အခု မနက်စာ စားနေတယ်"

ချက်ချင်းပင် အိပ်ရာပေါ်ကနေ ထကာ ဦးဆီကို သွားလိုက်သည်။

"ဦး"

မိုးရဲ့ အသံဟာ အခုချိန်‌မှာ မာကောင်းမာနေပါလိမ့်မည်။ ဦးကလည်း သောက်လက်စ ‌နွားနို့ခွက်ကို ချလိုက်ပြီး မိုးကို မော့ကြည့်လာသည်။

"သတင်းက အမှန်ပဲလား"

"ဘာသတင်းလဲ"

"ဦး ဖောက်ပြန်နေတဲ့ သတင်းလေ"

"ဪ....‌သတင်းထဲမှာ ဖောက်ပြန်တယ်လို့တော့ မရေးထားဘူးထင်တယ်"

ဦးရဲ့ အသံဟာ အရင်ကလို တည်ငြိမ်အေးစက်တဲ့ပုံပေါ်မနေဘဲ ပေါ့ပါးနေလေသည်။ ဦး ဒီလို ပေါ့ပေါ့ပါးပါးနဲ့ မိုးရှေ့မှာ တစ်ခါမှ မပြောဖူးပေ။

"မိုးကြောင့် ဖောက်ပြန်တဲ့သတင်းထွက်မှာ စိုးရိမ်နေတဲ့လူက အခုတော့ သူကိုယ်တိုင်ဖောက်ပြန်နေပါရောလား"

ရွဲ့ပြီး ပြောလိုက်တော့ ဦးရဲ့ အကြည့်စူးစူးက မိုးဆီသို့ တိုက်ရိုက်ရောက်လာလေသည်။

"ငါ ဘယ်မှာ ဖောက်ပြန်နေလို့လဲ"

"ပန်းဂနွယ်နဲ့ ဖောက်ပြန်နေတာလေ။ အိမ်က မိန်းမကိုတောင် အသိမပေးဘဲ သုံးရက် ခရီးသွားရလောက်တဲ့အထိ အရေးကြီးတဲ့ ကိစ္စတွေရှိနေတာလား"

"မင်း ဘယ်တုန်းက ငါ့အကြောင်း စိတ်ဝင်စားသွားတာလဲ"

"ဖောက်ပြန်တဲ့ သတင်းတက်လာကတည်းက"

"အဲ့တော့"

"ဦးဈာန်းမင်းခ မှာ မိန်းမရှိတယ်ဆိုတာ အသိုင်းအဝိုင်းတစ်ခုလုံး သိနေကြတာပဲ မဟုတ်လား။ ပြီးတော့ နာမည်ဆိုးထွက်မှာကို အရမ်းစိုးရိမ်ခဲ့တာ ဘယ်သူလဲ။ ဘယ်သူ့ကြောင့် ဒီလို အိမ်မှာနေနေရတာလဲ"

မိုးကသာ ပြောရင်း ပြောရင်းနဲ့ စိတ်တိုလာတာ ဦးကတော့ ပြန်တည်ငြိမ်သွားပြန်သည်။ ဦး ဘာဇာတ်လမ်းတွေခင်းနေရတာလဲ။ အခုကတော့ ဘယ်လို အချိုးမျိုးတွေ ချိုးနေရတာလဲ။ ဒါက ဦးရဲ့ ပုံစံမှမဟုတ်ဘဲ။ မိုးလည်း အစက အေးရာ ၊အေးကြောင်း မေးမလို့ပါပဲ။ ဒါပေမယ့် ကိုယ့်ကို လျစ်လျူရှုသလိုလို ၊ဂရုမစိုက်သလိုလို ဖြစ်နေတဲ့ဦးရဲ့ ပုံစံကြောင့် ပိုပြီး နေရာ အဆင်မပြေတော့ပေ။

Love that starts with divorceWhere stories live. Discover now