Prologue

3K 340 28
                                    

တိတ်ဆိတ်နေသည့် အခန်းအတွင်း၌ ပန်းကန်ပြားထဲရှိ အမဲသားပြားကို ခက်ရင်းဖြင့် လှီးဖြတ်နေသည့် အသံများကသာ ပဲ့တင်ထပ်နေလျက်သား။ ဘေးလူက ဝင်ကြည့်လျှင်တောင် သက်သောင့်သက်သာ ရှိမနေသည့် ညစာစားပွဲတစ်ခု။

" ဟန်ဘင်း ကုမ္ပဏီ ကိစ္စတွေက အဆင်ပြေရဲ့လား "

စားပွဲခုံထိပ်ဆုံးတွင် ထိုင်နေပြီး တစ်ခေါင်းလုံး ဖြူဖွေးနေပါသည့် အဘိုးကြီးတစ်ယောက်က ပါးစပ်ကို Napkin ဖြင့် ဖွဖွလေး သုတ်ရင်း မေးလာသည့်အခါ ဆောင်းဟန်ဘင်းက ဓားနှင့်ခက်ရင်းကို အသံမထွက်အောင် ချထားလိုက်ပြီးနောက် ယဥ်ကျေးမှုတို့ အပြည့်ရှိနေသည့် အပြုံးဖြင့် ပြန်ဖြေလာခဲ့၏။

" ပြေပါတယ် ၊ ဘဏ္ဍာရေး အရှုပ်အထွေးဖြစ်အောင်လို့ လုပ်ခဲ့တဲ့ အဖွဲ့မှူးကိုက အလုပ်ထုတ်ပစ်လိုက်ပြီးတော့ စတော့စျေးကွက်ကိုလည်း မပိတ်ခင် နည်းနည်းကစားလိုက်တာနဲ့ အကုန်လုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါပြီ "

" အင်း တော်သေးတာပေါ့ ၊ မဟုတ်ရင် ငါ ထောင်ခဲ့တဲ့ ကုမ္ပဏီက မင်း လက်ထဲ ရောက်မှ အရှုံးပေါ်သွားတယ်ဆို ကြားမကောင်းဘူးမလား "

" ဘယ်လိုလုပ်ပြီးတော့ အဲ့ဒီလို ဖြစ်ရမှာလဲ အဘိုးရယ် ၊ ကျွန်တော်က ဘယ်သူမလို့လဲ "

လေသံကို ပုံပျက်ပန်းပျက် မဖြစ်သွားရအောင် ထိန်းပြီးတော့ ဖြေခဲ့ပါသည့်တိုင် ဆောင်းဟန်ဘင်းဟာ လက်သီးကိုမူ တင်းတင်းကြပ်ကြပ် ဆုပ်ထားမိလိုက်လေ၏။ သူ့အရည်အချင်းကို အခုထက်ထိ အသိအမှတ် မပြုနိုင်သေးသည့် မိသားစုထဲတွင် အသက်ရှင်နေရသည့် ကိစ္စကလည်း သိပ်တော့ မလွယ်လှပါချေ။

" ကျန်းဟောင့်ကရော အဆင်ပြေရဲ့လား အခုတလော ၊ ဟန်ဘင်းက အနိုင်ကျင့်သေးလား "

အဘိုးက လှမ်းခေါ်လိုက်သည့်အခါ အသားတုံးကို ခက်ရင်းဖြင့် ဖွဖွလေး ထိုးနေသည့် ကျန်းဟောင့်၏ လက်များက ရပ်တန့်သွားပြီး‌နောက် မြားကိုင်းကွေးလို ဖြစ်နေသည့် အပြုံးတစ်ခုဖြင့် ပြန်ဖြေလာလျက်သား။

" ဟင့်အင်း မကျင့်ပါဘူး "

အရောင်သုံးခါလောက် ချွတ်ထားသဖြင့် အဖြူရောင်ဘက်ကိုတောင် ရောက်လုနီးပါး ဖြစ်နေသည့် ရွှေဝါရောင် ဆံပင်များကို နဖူးထက်၌ တစ်မျှင်မှ ဝဲမကျအောင် သပ်တင်ထားသော ဆံပင်ပုံစံကြောင့်ပဲလားတော့ မသိပါ ၊ ကျန်းဟောင့်၏ အပြုံးက အပြုံးနှင့်တော့ သိပ်ပြီးတော့ မတူခဲ့။ သို့သည့်တိုင် ယခင်ကတည်းက ဤကဲ့သို့ပင် အနေတည်တတ်သူဖြစ်လေသည့်အတွက် အဘိုးကလည်း များများစားစားတော့ စကားမဆိုခဲ့ပါချေ။

Behind The CurtainWhere stories live. Discover now