Gloomy Sky

1.1K 243 32
                                    

လေညှင်းလေးက တိုးတိုးလေး ပြန်ဖြေရှာတယ်။

" ငါကတော့ မင်းအနားမှာ နေချင်လို့ အပြေးလေး လာမိရုံပါ ၊ ငါ့ ဖြစ်တည်မှုက မင်းအတွက် ပျက်စီးရာ ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး " တဲ့။

ရှယ်ယာရှင်အစည်းအဝေးပါတဲ့။

အမည်ခံကသာ ရှယ်ယာရှင် အစည်းအဝေး ဖြစ်ပါသည့်တိုင် တကယ်တမ်းကျမူ ကျန်းဟောင့်နှင့် အပေါင်းအပါများက သူ့ကို ဘာလုပ်ပါ ၊ ညာလုပ်ပါဟု ဝိုင်းပြီးတော့ ထိန်းချုပ်ကြသည့် ဇာတ်ခုံတစ်ခုအပြင် မပိုခဲ့ပါချေ။

ကျန်းဟောင့်နှင့် လက်ထပ်ပေးခဲ့ပါသဖြင့် ကတိအတိုင်းပင် ဆောင်းဟန်ဘင်းက ကုမ္ပဏီကို အမွေရရှိခဲ့ပါသည့်တိုင် သူ့အဘိုးက ကျန်းဟောင့်ကို မျက်စိစုံမှိတ်ယုံကြည်ပြီး ဒုဋ္ဌက္ကဥရာထူးကိုပါ တန်းပြီးတော့ ပေးခဲ့လေသည်။ ထို့အပြင် ပိုပြီးတော့ ဒေါသထွက်စရာကောင်းလှခဲ့သည်မှာ သူ့အဘိုးက ရှိသမျှ ရှယ်ယာအကုန်လုံးကို ကျန်းဟောင့်လက်ထဲသို့ လွှဲပစ်လိုက်ပါသဖြင့် ယခင်ရှိပြီးသား ရှယ်ယာများနှင့် ပေါင်းလိုက်ပါလျှင် ကျန်းဟောင့်က အလိုလိုနေရင်း ကုမ္ပဏီ၏ ရှယ်ယာအများဆုံးလူ ဖြစ်လို့သွားရသည်။

ဆောင်းဟန်ဘင်းဟာ ထိုကိစ္စကို တွေးမိလေတိုင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိလေ၏။ ကျန်းဟောင့်က သူ့အဘိုးကို ဘာဆေးတွေများ ကျွေးထားခဲ့ပါသဖြင့် သူ့အဘိုးက ကျန်းဟောင့်မှ ကျန်းဟောင့် တန်းတန်းစွဲ ဖြစ်နေခဲ့ရပါသနည်း။

အစည်းအဝေး ပြီးသွားသည့်အခါ ဆောင်းဟန်ဘင်းက အပြင်ကို မထွက်သွားဘဲ အစည်းအဝေးခန်းထဲ၌ ဆက်ပြီးတော့ ထိုင်နေမိခဲ့သည်။ Laptop ထဲမှ File များကို အနည်းငယ်မျှ ပြန်ပြင်ဆင်နေခဲ့ပါသည့် ကျန်းဟောင့်ကလည်း အခန်းထဲမှ မထွက်သွားခဲ့။ နှစ်ယောက်လုံးဟာ စကားတစ်ခွန်းမှ မပြောခဲ့ကြဘဲ ကိုယ့်အာရုံနှင့်ကိုယ် တိတ်ဆိတ်စွာ ထိုင်နေခဲ့လျက်သား။

ဆယ်မိနစ်မျှ ကြာပြီးသည့်အခါ ကျန်းဟောင့်က Laptop ကို ပိတ်လိုက်ပြီးနောက် ဆောင်းဟန်ဘင်း ရှိရာထံသို့ ဝေ့ကြည့်လာခဲ့သည်။ ဆောင်းဟန်ဘင်းက ဘာဖြစ်လို့ မပြန်သေးလဲဆိုသည့်အကြောင်းကို နားမလည်ခဲ့ပါသည့်တိုင် ကျန်းဟောင့်ကမူ သိမ်းဆည်းစရာ ရှိသည်များကို သိမ်းဆည်းပြီးနောက် အစည်းအဝေးခန်းထဲမှ ထွက်ဖို့ ပြင်လေ၏။

Behind The CurtainWhere stories live. Discover now