Dim Light

1.4K 237 46
                                    

ဒီနေ့ကျတော့ သစ်ပင်ကြီးက သူ့ကို အရင်လိုမျိုး မသိလိုက်ဘာသာ မနေတော့ဘဲ သူ တိုးဝှေ့နေသမျှ နေရာတိုင်းကို ဂရုတစိုက် လိုက်ကြည့်နေတာမလို့ လေညှင်းလေးက စိတ်လှုပ်ရှားစွာနဲ့ လှမ်းကြည့်ပြီး မေးမိလိုက်ပါတယ်။

" ဒါ မင်း ငါ့ကို စွန့်ကြဲပေးလာတဲ့ သနားညှာတာမှုများလား " တဲ့လေ။

-

ညနေ ငါးနာရီ၌ အချိန်ကိုက် လုပ်ထားလေသလား အောက်မေ့ရအောင်ပင် အိမ်ရှေ့ဆင်ဝင်ထံ၌ အမည်းရောင် ကားတစ်စီးက လာရပ်သည်။ ဆောင်းဟန်ဘင်းလည်း ဖုန်းကို အိတ်ကပ်ထဲ ထည့်လိုက်ပြီးနောက် အနားတွင် ရှိနေသည့် မှန်ထဲသို့ တစ်ချက်ကြည့်ကာ ခဲရင့်ရောင် အနောက်တိုင်းဝတ်စုံကို ပြန့်သွားအောင် လက်ဖြင့် ပွတ်လိုက်ပြီးနောက် တိုက်ထားနှင့်ပြီးသား ဖိနပ်ကို စီးလိုက်ရင်း အိမ်ရှေ့သို့ ထွက်သွားလိုက်၏။

ယာဥ်မောင်းက သူ့အတွက် အသင့်ဖွင့်ပေးထားသည့် ကားထဲသို့ ထိုင်လိုက်သည်နှင့် ဆောင်းဟန်ဘင်း ခံစားလိုက်ရသမျှမှာ ရေခဲတိုက်ထဲသို့ ဝင်လိုက်ရသလိုမျိုး အရိုးထိအောင် စိမ့်ဝင်သွားမလား အောက်မေ့ရပါသည့် အေးစက်မှုများ။ ကားထဲမှ လေအေးပေးစက်ကို ဘယ်လောက်အထိ ချထားသလဲတော့ မသိပါသည့်တိုင် ဆောင်းဟန်ဘင်းဟာ ချက်ချင်းကိုပင် ဘေး၌ ဟိတ်ကြီးဟန်ကြီးဖြင့် ထိုင်နေသည့် လူထံသို့ လှမ်းကြည့်မိလိုက်သည်။

ကျန်းဟောင့်ကမူ ကားပေါ် တက်လာသည့် သူ့ကိုတောင် လှည့်ကြည့်မနေဘဲ ပေါင်ပေါ်တွင် iPad တစ်လုံးကို တင်ထားပြီး တစ်ခုခုကို အာရုံစိုက်ကာ ကြည့်နေဆဲ။ ကြည့်ရသည်မှာ ယနေ့အတွက် စတော့ရှယ်ယာစျေးကွက်ကို အကဲခတ်နေခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါ၏။

" ကျွတ် "

စုတ်တစ်ချက် သပ်လိုက်ပြီးနောက် ဆောင်းဟန်ဘင်းက ခြေထောက်ကို ချိတ်လိုက်ရင်း ပြတင်းပေါက် အပြင်ဘက်သို့ ငေးလိုက်ကာမှ ကျန်းဟောင့်ဆီမှ အသံထွက်လာလျက်သား။

" အမူးပြေသွားပြီလား "

ခံစားချက်ဟူ၍ တစ်စက်ကလေးတောင် မပါနေသလို အောက်မေ့ရလောက်အောင် တပြေးတည်း ဖြစ်နေသည့် လေသံကြောင့် ဆောင်းဟန်ဘင်းဟာ ဟားခနဲသာ တစ်ချက် ရယ်မိလိုက်၏။

Behind The CurtainWhere stories live. Discover now