စာစဉ်(၂၃) အပိုင်း(၁၀)

187 12 0
                                    

အပိုင်း(၃၀၂-ခ)ပန်းတစ်ရာပွင့်လန်းခြင်း(၂)

ယခုတော့ ဧည့်ခန်းထဲရှိ တစ်ခုတည်းသောအလင်းရောင်မှာ ကိတ်မုန့်ရှိရာမှာသာ ထွက်ပေါ်နေသည်။ ဖယောင်းတိုင်များသည် အမှောင်ထုထဲ၌ ဖျော့တော့စွာ ထွန်းလင်းနေပြီး ကိတ်မုန့်ပတ်လည်ရှိ နေရာတစ်ဝိုက်လေးအား အလင်းပေးနေသည်။

ကျန်းဟန်က ဇီယန်အား အပြုံးလေးဖြင့် ကြည့်ကာ ပြောလိုက်သည်။ "ဆုတောင်းလိုက်ဦးလေ"

"အင်း" ဇီယန်က နာခံစွာပင် ခေါင်းညိတ်ပြသည်။

သူမ နှုတ်ခမ်းလေးများကို တင်းတင်းစေ့ထားပြီး လက်နှစ်ဖက်ကိုချိတ်ကာ ရင်ဘတ်နားတွင်ထားကာ မျက်လုံးများကိုမှိတ်၍ စတင်ဆုတောင်းလိုက်သည်။

ကျေးဇူးတင်ပါတယ် မိုးကောင်းကင်။ ကျွန်မဘဝထဲ သူ့ကို ခေါ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ အရမ်းပျော်တယ်။ ကျွန်မတို့မိသားစုလည်း ပျော်ရွှင်မယ်လို့ မျှော်လင့်တယ်။ ကျွန်မ၊ ကျန်းဟန်နဲ့ မုန့်မုန့်လည်း...

ဤအခိုက်အတန့်တွင် ဖယောင်းတိုင်မီး၏ဝါကျင့်ကျင့် အလင်းရောင်အောက်၌ မျက်လုံးလေးများမှိတ်ထားသော သူမ၏ နူးညံ့သိမ်မွေ့သည့် မျက်နှာထက်ဆီသို့ အားလုံး၏မျက်လုံးများက ကျရောက်နေသည်။

သူမသည် လုံးဝကို ကျက်သရေရှိစွာ လှပ၏။ ထိုအမှန်တရားက သံသယအရိပ်ထက် ကျော်လွန်နေပေသည်။ ဤတစ်ခဏအတွက် ကျန်းဟန်မှာ သူမအား စိုက်ကြည့်ရင်း လုံးဝပြုစားခံလိုက်သည်ကို သူ့ကိုယ်သူ တွေ့လိုက်ရသည်။

စက္ကန့်သုံးဆယ်ခန့်ကြာသည့်အခါ ဇီယန် မျက်လုံးများ ဖြည်းညှင်းစွာ ပြန်ဖွင့်လိုက်သည်။ သူမသည် ကျေနပ်သွားသည့်အပြုံးဖြင့် ကျန်းဟန်အား စိုက်ကြည့်နေသည်။ "ကျွန်မ ဆုတောင်းပြီးပြီ"

သူမစကားအတိုင်း ခေါင်းကိုငုံ့ကာ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်၏။ "ဟူး..."

ဖယောင်းတိုင်မီးများ လွှင့်သွားသည့်အခါ ဧည့်ခန်းမှာ အမှောင်ထုအတွင်းသို့ တစ်ဖန်ပြန်၍ ကျဆင်းသွား၏။ ခဏအကြာတွင် ဧည့်ခန်းမီးမောင်းများ ပြန်ပွင့်လာသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၂၁ မှ ၃၀ အထိ)Where stories live. Discover now