ရက်သတ္တပတ် သုံးပတ်ကျော်လွန်ပြီး၍ ညနေနေအေးသည့်တစ်ရက်တွင် ပေါက်စီနှင့်အတူ ကျုရှင်လစ်ပြီး ဂိမ်းဆော့ဖြစ်ခဲ့ကြသည် ။ ဂိမ်းဆော့ရသည်ကိုလည်းသိပ်မကြိုက် ၊ အိမ်လည်းကြောက်ရသည့်ပေါက်စီမှာ အစကကျူရှင်လစ်ရန်အင်တင်တင်ဖြစ်နေသော်လည်း ဂိမ်းဖိုးရှင်းပေးပါမည်ဟု အာမခံလေမှ မလိုက်ချင်လိုက်ချင်နှင့် ပါလာခြင်းဖြစ်သည်။
နေ့လည်က အိမ်မှထမင်းနည်းနည်းသာစားလာသောကြောင့် ဂိမ်းဆော့နေရင်း အတော်လေးဗိုက်ဆာလာလေသည်။
" ဦးလေး ကျွန်တော့်ကိုခေါက်ဆွဲပြုတ်တပွဲ ကြက်ဥထည့်မယ်နော် "
" ကြက်ဥတွေဘာတွေထည့်စားလို့ သူဌေးပဲ မင်းက "
ရုတ်တရပ်ကြီး နဘေးမှကပ်ထွက်လာသည့်အသံကြောင့် လန့်သွားသည် ။
" ဝါး ဗိုက်ဆာလိုက်တာကွာ ... ဦးဝတုတ်ရေ ကျွန်တော့်လည်း တစ်ပွဲပေး ဒီကလေးပေါင်းရှင်းလိမ့်မယ် "
ကိုကြီး၏သူငယ်ချင်းဖြစ်သူသည် ကျောင်းမှာတွေ့ခဲ့စဉ်ကထက် ဆံပင်အနည်းငယ်ပိုရှည်လာသည် ။ ဂုတ်ထောက်နေပြီဖြစ်သည့်ဆံပင်ကို သားရေကြိုးဖြင့်စုစည်းကာ ရှေ့ဆံပင်များကိုတော့ ပင်ကိုယ်စတိုင်အတိုင်း စပရိန်ဘီးကုတ်ဖြင့် လှန်တင်ထားသည်။ အရင်တခေါက်တွေ့စဉ်က သူငယ်ချင်းဖြစ်သူထံမှ ဂိမ်းဖိုးကပ်တောင်းသည် ။ အခုတခေါက်ပြန်တွေ့ချိန်ကျ သူ့ဆီကမုန့်ကပ်စားသည်။ ထိုလူသည် မျက်နှာကြည့်လိုက်လျှင်စပ်ဖြဲဖြဲနှင့် အမြဲဘိုင်ပြတ်နေတတ်သည့်လူသာဖြစ်သည်။
" ခင်ဗျားလည်း လူကြီးဖြစ်ပြီး မရှက်တတ်ဘူးနော် "
ဆေးကျောင်းသားနှင့် ဂိမ်းအတူဆော့နေသည့်ပေါက်စီက အခွင့်သာတုန်း မြင်ပြင်းကပ်စွာဝင်ခွပ်သည် ။
" အိုး ဟိုး ဟိုး ဖက်တီးပေါက်စလေးပါရှိနေတာလား ပြိုင်တိုင်းရှုံးတဲ့မင်းအသင်းကြီးရော ဖလားနားကပ်လို့ရပြီတဲ့လား ဟဲဟဲ ချိန်းပွဲလေးတုန်းက မင်း လက်ရည်သေချာမသိလိုက်ရတာ နာသကွာ "
" ခင်ဗျား ..... ခင်ဗျား "
သူငယ်ချင်းနှစ်ယောက်လုံးမှာ ဖက်တီးဟုအခေါ်ခံရလျှင် အလွန်အင်မတန်ဒေါသထွက်ကြသည်။ ထို့ပြင် အနာဟောင်းကိုပါ ထပ်ဆွသွားလေတော့ စိတ်တိုလွန်း၍ ရန်ပင်ပြန်မဖြစ်နိုင်တော့ပေ။
YOU ARE READING
ချစ်ခြင်းပုံပြင် ( Tale ) [COMPLETED]
Romanceဆယ်စုနှစ်တစ်ခုစာအပိုင်းအစများကို လိုက်ဆက်ကြည့်ချိန်မှာ ဖြူပြာနှစ်သွယ်ရောယှက်နေသည့်ပုံပြင်တစ်ပုဒ် ဖြစ်တည်လာသည် ။ ဤပုံပြင်တွင် မည်သူပိုချစ်သနည်းဖြေပါ။