ယနေ့သည် စနေနေ့ကျောင်းပိတ်ရက်ဖြစ်သည်။ သို့သော်ငြား ဝင်ခွင့်အောင်စာရင်းထွက်မည့်နေ့ဖြစ်သောကြောင့် ညတစ်နာရီဝန်းကျင်ကတည်းက လမ်းထဲတွင် ဟိုဟိုဒီဒီသွားလာနေသံများ ၊ တီးတိုးစကားပြောသံများကို ကြားနေရသည်။ ကျောင်းနားပတ်ဝန်းကျင်သည်လည်း အောင်စာရင်းစာရွက်လာကပ်မည့်အချိန်ကိုစောင့်နေသည့်လူများနှင့် စည်ကားနေသည်။
ကျောင်းသို့ ဆေးကျောင်းသားရောက်သွားသည့်အချိန်သည် မနက်ရှစ်နာရီကျော်ပြီဖြစ်သောကြောင့် အတော်လေးလူကျဲသွားပြီဖြစ်သည်။ တကယ်တော့ အောင်စာရင်းကိစွက သူနှင့်ဆိုင်လှသည်မဟုတ်သော်ငြား ဘယ်အိမ်က ဘယ်သူ့သမီးကတော့ဖြင့် ဂုဏ်ထူးဘယ်နှစ်ဘာသာထွက်ကြောင်း ၊ ဘယ်ကလေးကတော့ဖြင့် ရိုးရိုးပဲအောင်ကြောင်း စသည်ဖြင့် မိုးမလင်းခင်ကတည်းက တိုးတိုးတမျိုး ကျယ်ကျယ်တမျိုးဖြင့် ရပ်ကွက်ထဲတွင် ကျွတ်စီကျွတ်စီဆူညံနေလေရာ သူပါရောယောင်၍ရင်ခုန်လာသည်နှင့် ကျောင်းနားသို့မယောင်မလည်သွားကြည့်မိခြင်းဖြစ်သည်။
ထို့ပြင် အိမ်ကအမေကအမြဲပြောလေ့ရှိသောစကားတစ်ခွန်းရှိလေသည်။
" သားသားရေ ဒီအချိန်ပဲအားစိုက်ကြိုးစားထားနော် တက္ကသိုလ်များရောက်လျှင်လေ စာကျက်ဆရာမလိုတော့ဘူး ။ မဖြေတဲ့သူနဲ့ သေတဲ့သူပဲ စာမေးပွဲကျကြတာ "ထိုအချိန်တုန်းက ဂျင်းစကားမှန်းမသိခဲ့၍ အမှန်တကယ်ကြီး ယုံစားခဲ့မိသည် ။ နောင်တချိန် ဆေးကျောင်းတက်ရသည့်အခါ စာမေးပွဲပေါင်းစုံကြားအသက်ထွက်မတက် ကြိုးစားရုန်းကန်ရချိန်တိုင်း အမေ့၏အဆိုပါစကားသံပြန်ကြားယောင်ရင်း မျက်ရည်အဖြာဖြာကျချင်ခဲ့ရသည်။
မည်သို့ပင်ဖြစ်စေကာမူ ယနေ့အောင်သွားသည့်ကျောင်းသားများသည် စမတ်ကျလှသည့်တက္ကသိုလ်ကျောင်းသားကြီးများ ဖြစ်တော့မည်ဖြစ်သည်။ သူတို့ကျောင်းသားငယ်လေးများမှာတော့ နောက်သုံးနှစ်မျှ စာအုပ်ပုံနှင့်ဖိအားများကြား ရုန်းရကန်ရပေဦးမည်။ ကျောင်းပေါက်ဝနားတွင် မယောင်မလည်နှင့် ဝေ့လည်ဝေ့လည်လုပ်နေချိန်၌ အနောက်မှ ပုခုံးလှမ်းပုတ်လိုက်သည့်တစ်စုံတစ်ယောက်ကြောင့် လန့်သွားသည်။
YOU ARE READING
ချစ်ခြင်းပုံပြင် ( Tale ) [COMPLETED]
Romanceဆယ်စုနှစ်တစ်ခုစာအပိုင်းအစများကို လိုက်ဆက်ကြည့်ချိန်မှာ ဖြူပြာနှစ်သွယ်ရောယှက်နေသည့်ပုံပြင်တစ်ပုဒ် ဖြစ်တည်လာသည် ။ ဤပုံပြင်တွင် မည်သူပိုချစ်သနည်းဖြေပါ။