ဆိုင်သူရှိနှင့်လေသည် 🤍

12 0 0
                                    

အထက်တန်းကျောင်းသားဘဝနှင့်နှိုင်းယှဉ်လျှင် တက္ကသိုလ်ကျောင်းသားဘဝသည် အများကြီးလွတ်လပ်လာခဲ့သလို အမြင်လည်းပိုကျယ်လာသည်ဟုဆိုရပေမည်။ ဆေးတက္ကသိုလ် 1st MB ကျောင်းသားဘဝသည် စီနီယာများနှင့်နှိုင်းယှဉ်လျှင် အတော်လေးဖိအားလျော့သေးသည်။ သတ္တဗေဒနှင့် ရုက္ခဗေဒ မှအစပြု၍ အထက်တန်းတတိယနှစ်တွင် သင်ခဲ့ရသည့်ဘာသာရပ်များကို တဖန်အကျယ်ဖြန့်၍ စုစုပေါင်းဘာသာရပ်၇ဘာသာအဖြစ် သင်ယူရလေသည်။

ဆေးကျောင်းသားနေသည့်မြို့နှင့် ယခုကျောင်းသည် အတော်လေးဝေးသည်။ တရက်တရက် ဘတ်စ်ကားအဆင့်ဆင့် တိုးဝှေ့စီး၍ အိမ်ပြန်ရသည်မှာ စာသင်ရသည်ထက် ပိုပင်ပန်းလေသည်။ ကျောင်းအဆောင်နေရန်အတွက် မိခင်ဖြစ်သူထံမှ ခွင့်ပြုချက်မရသေးသောကြောင့် ထိုဒုက္ခခပ်‌သေးသေးကိုထမ်းပိုးရင်း နေ့ဓဒူဝကျောင်းတက်ကျောင်းဆင်းလုပ်လျှက်ရှိသည် ။

စာသင်နှစ်တစ်ဝက်လည်း ကျိုးပြီဖြစ်သောကြောင့် တက္ကသိုလ်ကျောင်းသားဘဝတွင် အတော်လေးနေသားကျလာပြီဖြစ်သည်။ ကျောင်းရောက်ကာစအချိန်များကဲ့သို့ မအူမလည်ကောင်လေးများ မဟုတ်တော့ပေ။ နှစ်ဝက်ပြန်ဖွင့်ကတည်းက ငါးလေးသည် ဘယ်တွေသွား၍ဘာတွေလုပ်နေသည်မသိ။ အတန်းတက်တစ်ရက် ပျက်တစ်ရက်နှင့် မမြင်ရသည့်ရက်တွေစိပ်လာသည်။

ဤကျောင်းရောက်ပြီးမှ သူငယ်ချင်းအသစ်နှစ်ယောက်ထပ်ရခဲ့လေသည်။ တစ်ယောက်မှာ ပေါက်ပန်းလေးဆယ်စကားများအား ရုပ်တည်ကြီးနှင့်ပြောတတ်သည့် မျက်လုံးမှေးမှေး ၊ အရပ်ခပ်ပုပု ၊ ဆံပင်ကောက်ကောက်နှင့်ကောင်‌ေလးဖြစ်ကာ အတန်းထဲမှလူများကအာဖျံကွီးဟုအမည်ပေးထားကြသည်။ အခြားတစ်ယောက်မှာ လူချောဟုနာမည်ပေးထားသည့် 1st MB ၏နာမည်ကြီးအဆင်သုံးယောက်ထဲတွင် တစ်ယောက်အပါအဝင်ဖြစ်သည့် ခပ်ချေချေ ခပ်ချောချောကောင်ဖြစ်သည်။

ကျောင်းကန်တင်းသည် အဆောက်အအုံကြီးတစ်ခုထဲတွင် စားသောက်ဆိုင်သုံးလေးဆိုင်စုပေါင်း၍ဖွင့်ထားခြင်းဖြစ်သည် ။ ထိုဆိုင်များအနက် အမြဲတက်ကြွနေတတ်သည့် ထိပ်ပြောင်ပြောင်နှင့်လူပျိုကြီးဆိုင်သည် အရသာအကောင်းဆုံးဖြစ်သည်။ ဤနေရာတွင်တစ်ခုရှိသည်က ဇီဇာကြောင်တတ်သည့်ကျောင်းသားဖြစ်လျှင် ကျောင်းကန်တင်းမှ အစားအသောက်များအား မျက်စောင်းလှည့်မထိုးခြင်းက အကောင်းဆုံးဖြစ်သည်။

ချစ်ခြင်းပုံပြင် ( Tale ) [COMPLETED]Where stories live. Discover now