-4- Zawgyi

38 1 0
                                    

ဇွဲ အိပ်ရာကနိုးလာတော့ ဆူသံညံသံ တစ်သံပင်မကြားရ။ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေသည်။

ပုံမှန် သူထနေကျအချိန်ဆို ကောင်လေးက ထမင်းဟင်းချက်နေတတ်သည့်အချိန်မို့ အိုးသံခွက်သံတော့ကြားရတတ်သည်။ ဒီနေ့မှာတော့ ထူးထူးဆန်းဆန်းပင် တိတ်ဆိတ်နေ၏။ သူနိုးတဲ့အချိန်များ စောနေသလားဟူသည့်အတွေးနဲ့ စားပွဲပေါ်က နာရီလေးထံအကြည့်ပို့မိတော့ အချိန်ကား မစောတော့။ ပုံမှန် သူထနေကျအချိန်ထက်ပင် နောက်ကျနေသေးသည်။

ညက အတွေးလွန်နေ၍ တော်တော်နှင့်အိပ်မပျော်တာကြောင့် အိပ်ဆေးသောက်ပြီးအိပ်မှ အိပ်ပျော်သွားသည့်အတွက် အရင်နေ့တွေထက် အိပ်ရာထနောက်ကျခဲ့ရသည်။

*ကောင်လေး မနိုးသေးတာလား။

အိမ်ယာသိမ်းပြီး အိမ်ရှေ့ထွက်ကြည့်တော့လည်း အိမ်ရှေ့ခန်းက ဟာလာဟင်းလင်း။ ခြံထဲမှာများရှိနေမလားဆိုတဲ့အတွေးနဲ့ ခြံထဲဆင်းရှာမိတော့လည်း အရိပ်အယောင်ပင်မတွေ့။

*ကောင်လေး ဘယ်များသွားနေတာပါလိမ့်။

ကောင်လေးကိုရှာမတွေ့တော့ ဘာကိုအလိုမကျမှန်းမသိ ဇွဲစိတ်တို့ရှုပ်ထွေးလာရသည်။ အိပ်ရာနိုးလျှင် ကြားနေကျ အိုးသံခွက်သံတွေမကြားလို့လား။ ခွေးဖြူလေးလို မာန်ဖီနေတတ်တဲ့ မျက်နှာဝိုင်းလေးကိုမမြင်ရလို့လား။

"ကျစ်!"

ရှုပ်ထွေးလာတဲ့ စိတ်အစဉ်ကို စုပ်တစ်ချက်သပ်ပြီး ရပ်တန့်လိုက်သည်။ ဒီရက်ထဲ သူ့စိတ်တွေဘာဖြစ်နေမှန်းမသိ။ ဒီရွာကိုရောက်တဲ့နေ့ကစပြီး သူ့စိတ်တွေမူမမှန်တော့တာတော့အမှန်။

ကောင်လေးနဲ့တွေ့ပြီးနောက်ပိုင်းမှာ အရင်ကတင်းကျပ်နေခဲ့တဲ့စိတ်တွေက ပြေလျော့လာခဲ့ပေမယ့် တစ်ဖက်မှာလည်း ဘာဖြစ်ချင်နေမှန်းသူ့စိတ်ကိုပင်သူမသိ။

ဆောင်းရာသီအငွေ့အသက်တွေ ရောယှက်နေသည့် လေပြည်ကလေးက ရှုပ်ထွေးနေသည့် သူ့စိတ်တွေကိုတော့ အနည်းငယ်သက်သာစေသည်။ တဖြူးဖြူးတိုက်နေသည့် ဆောင်းလေအေးအေးလေးကို အဆုတ်ထဲရောက်သည်အထိ ဖြေးဖြေးမှန်မှန် ရှူသွင်းလိုက်ပြီး မျက်နှာသစ်ရန်အတွက် အိမ်နောက်ဖေးရှိ ရေစည်ရှိရာသို့ ခြံထဲကနေပဲ ပတ်လျှောက်လာလိုက်တော့သည်။

The HEART Finder (နှလုံးသားရှာသူ)Where stories live. Discover now