-7-

137 6 3
                                    

သီတင်းကျွတ်လ၏ ရာသီဥတုက ညဥ့်နက်လေ အအေးပိုကဲလေပင်။ ခြေထောက်မှဒဏ်ရာကလည်း အအေးဒဏ်ကြောင့် တဆစ်ဆစ်ကိုက်လာသည်ကို ခံစားနေရသည်။ လူကြီးပြောသည့်အတိုင်းပင် ဒဏ်ရာအရှိန်ကြောင့် အဖျားငွေ့လေးက ပူရှိန်းရှိန်းဖြစ်လာပြီ။ မျက်ခမ်းတွေစပ်လာပြီး ဝင်သက်ထွက်သက်တိုင်းဟာ အပူငွေ့များသာ ကြီးစိုးလာသည်။ အချိန်လင့်နေပြီဖြစ်သော်လည်း ခမ်းနောင် ဒီညမှာတော့ မျက်စိကြောင်နေသည်။

တဆစ်ဆစ်ကိုက်လာသည့် ဒဏ်ရာကြောင့်လား။

တဖြည်းဖြည်းဝင်ရောက်ကြီးစိုးလာသည့် အပူရှိန်ကြောင့်လား။

အခုချိန်ထိ မူမမှန်သေးသည့် နှလုံးခုန်သံတွေကြောင့်လား။

ပက်လက်လှန်အိပ်နေရာကနေ အသက်ရှူကျပ်လာ၍ လူကြီးရှိနေသည့် အခန်းဘက်သို့ မျက်နှာမူကာ စောင်းအိပ်လိုက်တော့ လူကြီး၏ သြရှရှလေသံသဲ့သဲ့ထွက်လာသည်။

"ကောင်လေး အိပ်မပျော်ဘူးလား။ ဒဏ်ရာကကိုက်လို့လား။ ကိုယ်တွေပူနေပြီလား"

တရစပ်မေးလာသည့် မေးခွန်းတွေနဲ့အတူ ခြင်ထောင်လှပ်သံကို ကြားရသည်။ အခန်းထဲက ထွက်လာသည့် လူကြီး၏ ခြေသံဖွဖွကိုကြားနေရသည်။

မျက်လုံးမှိတ်ထားသည့်တိုင် အပူရှိန်ကြောင့်စီးကျလာသည့် မျက်ရည်ပူများနှင့်အတူ မိခင်ကိုတမ်းတမိတဲ့စိတ်ကြောင့် ဝမ်းနည်းမှုဖြင့်ကျလာသည့်မျက်ရည်များ ရောပြွမ်းကာ ပါးပြင်ထက် မျက်ရည်ချောင်းဖောက်ကာဖြတ်သန်းစီးဆင်းပြီး ခေါင်းအုံးထက်သို့ မြစ်ဖျားခံကြသည်။

"ကောင်လေး ဘာလို့ငိုနေတာလဲ နေလို့မကောင်းဘူးလား။ ဘယ်လိုဖြစ်နေလဲ ကိုယ့်ကိုပြောလေ"

ထိုသို့ဆိုပြီး နဖူးထက်ကျရောက်လာသည့် လက်တစ်ဖက်ကြောင့် နွေးထွေးမှုကိုခံစားမိရသည်။ ငိုချင်ရက်လက်တို့ဆိုသလို လူကြီး၏ စိုးရိမ်တကြီးမေးသံတွေကြား၌ ခမ်းနောင် ရှိုက်ငိုသံတွေက ရောနှောဝင်ရောက်လာသည်။

လူကြီးက ခြင်ထောင်ကိုလှပ်တင်ပြီး လှဲနေသည့် ခမ်းနောင်ခန္ဓာကို အသာထူပေးပြီးထိုင်စေသည်။

The HEART Finder (နှလုံးသားရှာသူ)Where stories live. Discover now