-5- Zawgyi

47 2 0
                                    

အားနာရင် ခါးပါတတ်တယ်ဆိုတဲ့စကားကို ဇွဲ အခုတော့ နဖူးတွေ့ဒူးတွေ့ကြုံကြိုက်နေရပေပြီ။

တရိပ်ရိပ်အောင့်တက်လာသည့်ဗိုက်က နောက်တစ်ခါအားနာဦးမလားဟု သတိပေးနေသယောင်။ ညနေက ဦးစိုင်းလုံတို့အိမ်က စေတနာအပြည့်ဖြင့်
ဧည့်ခံကျွေးမွေးလိုက်သည်ကို အားနာစွာဖြင့် တစ်ချက်မငြင်းပယ်ပဲ စားခဲ့တဲ့ဒဏ်ကို ညသန်းခေါင်ရောက်မှအလူးအလဲခံစားနေရပေပြီ။

တကယ်ဆိုကိုယ်က အပူအစပ်နှင့်မတည့်သူဖြစ်ကြောင်း ဖြေရှင်းချက်ပေးပြီး ငြင်းပယ်လိုက်၍ရသော်ငြား သူငြင်းလိုက်လျှင် တစ်ဖက်က ဖိတ်ကျွေးသူ၏ စေတနာကိုစော်ကားသလိုဖြစ်မည်စိုး၍ သူတစ်ချက်ပင်မငြင်းခဲ့။ ဟင်းပွဲကြီးမှစ၍ အရံဟင်းအလယ် သောက်စရာအရည်သောက်ဟင်းရည်အဆုံး ငရုတ်သီးတွေထည့်ချက်ထားသည့် ဟင်းမျိုးစုံကို တစ်ချက်ပင် မငြီးမငြူပဲ သူ ကျိတ်မှိတ်ပြီးစားခဲ့သည်။

"အာ့!"

စူးစူးနင့်နင့် ထိုးအောင့်လာသည့်ဗိုက်ကို လက်ဖြင့်ဖိနှိပ်ရင်း ဘေးတစောင်းအနေအထားနှင့် ပုစွန်ကွေးလေးလို ကွေးကွေးလေးသာနေမိတော့သည်။ အတွင်းဘက်မှထိုးအောင့်နေသည့် နေရာကို ဝမ်းဗိုက်အပြင်ဘက်မှ အားဖြင့်ဖိနှိပ်လိုက်တော့ အနည်းငယ်တော့သက်သာသယောင်ရှိလာသည်။ သို့သော် ခဏသာ။ ပြန်ပြီးထိုးအောင့်လာသည်က ပထမထက်ပို၍ စူးနင့်သည်။

"အာ့!"

"လူကြီး ခင်ဗျားဘာဖြစ်တာလဲ"

နဖူးထက်သို့ ခပ်နွေးနွေး အငွေ့အသက်လေးလွှမ်းခြုံလာခြင်းနှင့်အတူ အသံပြာကြီးဖြင့် မေးလာသည့်ကောင်လေးအား မှိတ်ထားသည့်သူ့မျက်လုံးတွေကို အားယူပြီးဖွင့်ကြည့်လိုက်သည်။ သူ့ကိုစိုက်ကြည့်နေသည့်ကောင်လေးရဲ့ မျက်လုံးတွေက ဂဏာမငြိမ်။ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေကြသည်။

"လူကြီး... ခင်ဗျားဘာဖြစ်နေတာလဲလို့!"

သူမေးတာကို ပြန်မဖြေလာသည့် လူကြီးကို ခမ်းနောင် အော်မေးလိုက်တော့သည်။

ညက ထမင်းမစားပဲ အိပ်ရာဝင်ခဲ့ခြင်းကြောင့် သန်းခေါင်ကျော်မှ ဗိုက်ကဆာလောင်လာသည့်အတွက် အဆာပြေစားဖို့ မီးဖိုချောင်သို့အသွား အခန်းထဲက ထိုလူကြီးရဲ့ တိုးဖျဖျ အော်ညည်းသံကြောင့် အခန်းထဲကို အလင်းရောင်ပေးပြီး သေချာကြည့်မိမှ လူကြီးက ခြင်ထောင်ထဲတွင် ကွေးကွေးလေးလှဲအိပ်နေတာကိုတွေ့ရသည်။ အစကတော့ အေးလို့ ကွေးကွေးလေးအိပ်နေတာပါဟု တွေးလိုက်ပြီး မီးဖိုချောင်သို့ဆက်သွားဖို့ ခြေလှမ်းပြင်လိုက်ပေမယ့် ထိုလူကြီးထံမှ အော်ညည်းသံနောက်တစ်ကြိမ်ထွက်လာတာကြောင့် မီးဖိုချောင်ကိုလှမ်းနေသည့်ခြေထောက်တို့က လူကြီးအိပ်နေသည့်အခန်းထဲသို့ ဦးတည်ကုန်သည်။

The HEART Finder (နှလုံးသားရှာသူ)Where stories live. Discover now