"ခင်ဗျား ရေနွေးပူလောင်ထားတယ်။ ရွာဦးကျောင်းကိုအရင်သွားနှင့်ပြီး ရေအရင်ချိုးထားလိုက်။ ကျွန်တော် ယူစရာရှိတာယူပြီး အနောက်ကလိုက်လာခဲ့မယ်"
ခမ်းနောင်တို့ရွာက ရေရှားသည်မို့ သောက်ရေသုံးရေအတွက် မိုးရာသီဆို မိုးရေကိုအမှီသဟဲပြု၍ရပေမယ့် ဆောင်းရာသီနှင့် နွရောသီဆိုလျှင်တော့ ရွာဦးကျောင်းမှရေတွင်းကိုသာ အားကိုးအားထားပြုကြရသည်။ ထို့ကြောင့် လူကြီး ရေဝဝချိုးနိုင်စေရန် ရွာဦးကျောင်းသို့ အရင်သွားခိုင်းရခြင်းဖြစ်၏။ အပူလောင်ထားသည့်သူဟာ 15-30မိနစ်လောက်ထိ ရေအေးအေးနှင့်ထိတွေ့ရန်လိုအပ်သည်ဟု မမညိုပြောဖူးသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် အပူလောင်ဒဏ်ရာကိုသက်သာစေရုံမျှမက အနာကျက်မြန်စေသည်ဟုလည်း မမညိုပြောပြထား၍ ခမ်းနောင် ကြားဖူးနားဝတော့ရှိသည်။ အိမ်မှာရှိတဲ့ လက်ကျန်ရေကလည်း လူကြီးချိုးဖို့မလုံလောက်သည်မို့။
ခမ်းနောင် အိမ်ခန်းထဲရောက်သည်နှင့် အားအင်တွေယုတ်လျော့နေသည့် လူတစ်ယောက်နှယ် ခြေပစ်လက်ပစ်ထိုင်ချမိရသည်။ သူ့ခန္ဓာကိုယ်၌ရှိသည့် အားအင်တွေက ဖေဖေ၏ စကားလက်နက်တို့ကြောင့် ယုတ်လျော့ကုန်ပြီ။
ခက်ခဲပင်ပန်းလွန်းတဲ့ ဒီဘဝကြီးကို ခမ်းနောင် အတော်လေးစိတ်ကုန်နေပြီဖြစ်သည်။ ထို့ကြောင့်လည်း မိမိကိုယ်ကိုယ်အဆုံးစီရင်ပြီး ခက်ခဲကြမ်းတမ်းလွန်းတဲ့ ဒီလောကကြီးကနေထွက်သွားဖို့ ကြံစီခဲ့သော်လည်း ကံကြမ္မာက မျက်ကွယ်ပြုပြီး ထွက်သွားခွင့်မပေးခဲ့။ လူတကာမလိုမုန်းထားပြုနေတဲ့ ပတ်ဝန်းကျင်၌ သူ့ကိုဆက်လက်ရှင်သန်စေခဲ့သည်။
လူတစ်ယောက်ဟာ ကိုယ့်ဘဝကို ကိုယ့်စိတ်ကြိုက်အရောင်တွေခြယ်ပြီး ပုံဖော်လို့မရဘူးလား။
ယောက်ျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ကိုပဲ ချစ်ခင်နှစ်သက်ခွင့်ရှိခဲ့တာလား။
ကိုယ့်ရင်ထဲကပေါက်ဖွားလာတဲ့ ခံစားချက်အတိုင်း စီးမြောပြီး တိုတောင်းလွန်းတဲ့လူ့ဘဝကြီးကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခွင့်မရှိဘူးလား။
YOU ARE READING
The HEART Finder (နှလုံးသားရှာသူ)
Romance"ညွှန်းဖွဲ့မမီ" ဇာတ်လမ်းထဲက စိုင်းခမ်းနောင်လေးအတွက် ဖန်တီးပေးဖြစ်တဲ့ ဇာတ်လမ်းလေးပါ။