Unicode Version
" ဟယ်ချန်းနီးကို ကျောင်းထားတော့မယ် ဟုတ်လား? "
သိုးမွှေးထိုးတံကို ဘေးချရင်း မယုံသင်္ကာဖြစ်နေတဲ့ပုံစံနဲ့ မေးလာတဲ့ မာမီ့ကြောင့် သူသက်ပြင်း အသာချလိုက်တယ်။
" ဟုတ်တယ် "
" သား ဘယ်လိုစိတ်ကူးတွေပေါက်သွားလဲ မသိပေမယ့် နောက်မှစိတ်ကူးပြန်ပြောင်းလို့ မရဘူးနော် ဂျဲနို "
ဒုတိယအကြိမ်မြောက် သက်ပြင်းထပ်ချလိုက်တယ်။
" ဟုတ်ကဲ့ သား သိပါတယ် "
သုံးနှစ်။
သုံးနှစ်ဆိုတဲ့ အချိန်နာရီတွေကို ရာသီဥတုအရိပ်အငွေ့တွေက တရွေ့ရွေ့တိုက်စားသွားတာ မျက်စိတစ်မှိတ်အတွင်း။အခုဆိုရင် ဂျဲနိုက အသက်တစ်ဆယ့်ခြောက်နှစ်ရှိပြီဖြစ်သလို ဟယ်ချန်းကလည်း အသက်ကိုးနှစ်အရွယ်ကို ကူးပြောင်းလာခဲ့ပြီ။ အချိန်အတော်ကြာတဲ့အထိ မိဘတွေနဲ့ အတိုက်အခံလုပ်ပြီးအငြင်းပွါးခဲ့ရတဲ့ ဟယ်ချန်းရဲ့ ကျောင်းကိစ္စကို ဒီနေ့တော့ သူသဘောတူလိုက်တော့မှာ။
" အဲ့တာဆို ကျောင်းကိစ္စတွေ စီစဉ်လိုက်တော့မယ်နော်။ သား စိတ်ကူးပြောင်းလို့မရတော့ဘူးနော် "
တတိယအကြိမ်မြောက် သက်ပြင်းကိုချရင်း ခေါင်းညိတ်လိုက်တယ်။ ပြီးတာနဲ့ သူ အပေါ်ထပ်ကို တက်လာခဲ့တာပဲ။
" ချန်း ကိုကိုဝင်လာမယ်နော် "
တံခါးဆွဲဖွင့်လိုက်တော့ သူ့လွယ်အိတ်အနားမှာ ရစ်သီရစ်သီလုပ်နေတဲ့ ဟယ်ချန်းကိုတွေ့လိုက်ရတယ်။ အခုဆိုရင် ဟယ်ချန်းက စာရေးစာဖတ်တတ်နေပြီ။ အကုန်လုံးကို သူကိုယ်တိုင်သင်ပေးထားခဲ့တာ။ ညာဘက်လက်ချောင်းတွေ သုံးလို့မရတော့တဲ့ဟယ်ချန်းက သုံးနှစ်ဆိုတဲ့ အချိန်အတိုင်းအတာအတွင်းမှာ ဘယ်ဘက်လက်ကို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်နေပြီ။
စာရေးစာဖတ်တတ်သွားတဲ့ ဟယ်ချန်းက အခုအချိန်မှာ ကစားနည်းအသစ်တစ်ခုကို ရသွားသလိုပဲ။ အိမ်မှာရှိသမျှစာအုပ်တိုင်းလည်း ဟယ်ချန်းလက်ချက်နဲ့ တစ်ခုမှအကောင်းအတိုင်းမကျန်ဘူး။ အခုလည်း သူလစ်တုန်း သူ့လွယ်အိတ်ထဲက စာအုပ်တွေကို ယူဖို့ချောင်းနေတာနေမှာ။