Chapter 1

374 20 11
                                    

Unicode

ကြီးကျယ်ခမ်းနားသည့် အောင်ပွဲကြီးတစ်ခုပေါ့။

နန်းတော်အတွင်းမှာရော တိုင်းပြည်အတွင်းမှာရော မီးရှူးမီးပန်းတွေ ဖွင့်ပေါက်ပြီး ဘယ်စားသောက်ဆိုင်ကိုဝင်စားစား အလကားစားလို့ရသည့် ညတစ်ည။ နန်းတော် ပန်းဥယျာဉ်ကို တိုင်းသူပြည်သားတွေပါ ဝင်ရောက် လှည့်ပတ်ကြည့်ရှူနိုင်သောညတစ်ည။

ဒီလိုည ဒီလိုပျော်ပွဲရွှင်ပွဲသည် ထယ်ရှင်း စစ်နိုင်လာကာ တစ်ဖက်တိုင်းပြည်အားတိုက်ခိုက်သိမ်းပိုက်နိုင်သည့် အခါမျိုးတွင် ကျင်းပလေ့ရှိသော ထယ်ရှင်းတိုင်းပြည်၏ အကြီးကျယ်ဆုံးသော ပွဲသဘင်များထဲမှ တစ်ခုဖြစ်သည်။

တစ်တိုင်းပြည်လုံး ဂုဏ်ယူစွာ ပျော်ပါးနေကြသော်လည်း ထယ်ရှင်းနန်းတော်အတွင်းရှိ မင်းသားတို့ အိပ်စက်ရာအဆောင်တော်အတွင်း အိပ်ခန်းတစ်ခုတွင်တော့ အသံတိတ်ငိုနေသည့် ကလေးငယ်တစ်ယောက်ရှိနေခဲ့သည်။

အိပ်ခန်းဆောင် ပြတင်းပေါက်မှတစ်ဆင့် မြင်နေရသော မီးရှူးမီးပန်းတို့အား ကြည့်ရင်း မျက်ရည်တို့သည်မစဲခဲ့။

သဘောကျခဲ့ရသော မီးပန်းတွေ။
ဖွာထွက်သွားသည့် မီးစတွေအား တစိမ့်စိမ့်ကြည့်ရင်း ကြည်နူးခဲ့ရသော နေ့ရက်တွေသည် မျက်စိတစ်မှိတ်အတွင်း နောက်ထပ်ပြန်မရနိုင်တော့သည်ကို တွေးမိတော့ ထိုကလေးငယ်သည် အသံတိတ်ငိုနေရင်းမှ ရှိုက်သံတစ်ချို့ပါ ထွက်လာခဲ့၏။

ခမည်းတော်နှင့် မယ်တော် ဆုံးပါးသွားသည်အား အောင်ပွဲခံနေကြသည်တဲ့....။

အသက်ဆယ်တစ်နှစ်အရွယ် ကလေးတစ်ယောက်အနေဖြင့် သူ့မျက်စိရှေ့တွင်သာ သူ၏မွေးမိခင်နှင့် ဖခင်အား သတ်ဖြတ်ခြင်းခံရသည်ကို ငိုယိုပြီးကြည့်နေနိုင်ခဲ့ရုံမျှသာ တတ်နိုင်ခဲ့သည်။

အိမ်ရှေ့စံမဖြစ်ရလည်းရပါတယ်။
တိုင်းပြည်ကိုမအုပ်ချုပ်ရလည်း ရပါတယ်။
ခမည်းတော်နဲ့ မယ်တော်ကိုပဲ ပြန်လိုချင်ခဲ့ရုံပဲ။

ထိုကလေးငယ်သည် မဖြစ်နိုင်တော့သော သဘာဝလွန်ဆုတောင်းများအား နှုတ်မှအကြိမ်ကြိမ်ရွတ်ကာ ဆုတောင်းနေခဲ့တော့သည်။

Moral of the storyWhere stories live. Discover now