4

292 42 3
                                    

Unicode

ချန်းယောလ်သည် ဆေးဌာနသို့ ရောက်တာ ဤတစ်ခေါက်နှင့်ဆိုလျှင် နှစ်ကြိမ်ရှိပြီဖြစ်သည်။ မျက်နှာပေါ်က ဒဏ်ရာတွေကို သူကဂရုမစိုက်ဘဲ ပေတေနေနိုင်သော်ငြား အခန်းထဲပြန်ရောက်တော့မှ အခန်းဖော် ၃ယောက်၏ဆွဲခေါ်မှုဖြင့် မငြင်းနိုင်မပြုနိုင် ရောက်လာရခြင်းပင်။

သူ့မျက်နှာအား မြင်လိုက်ရချိန်တွင် အတည်ငြိမ်ဆုံးသည် မင်ဆောဂျွန်းဖြစ်ပြီး ချွဲဆူဟွန်းကတော့ တောက်တခတ်ခတ်ဖြင့် အခုထိ မငြိမ်သေး။ နံဘေးတွင် အယ်လ်ဖာနက်စ်လေးက ချန်းယောလ်အား ဆေးထည့်ပေးနေပြီး ဂင်ဘွန်းသည် အေးဆေးပြောပြနေ၏။

"အန်ဂျောင်ဆော့က A အဆင့် အယ်လ်ဖာလေ။ အဖြူရောင်အဆင့်ပဲ ရှိသေးတာဆိုပေမယ့် အခုလက်ရှိအားလုံးထဲမှာ အမြန်ဆုံး အဆင့်တက်ဖို့ အလားအလာ အရှိဆုံးသူပဲ"

ချွဲဆူဟွန်းသည် ဟွန်းကနဲ နှာမှုတ်ထုတ်လျက် ဝင်ပြောလာသည်။

"အလားအလာရှိလည်း ဘာလုပ်မှာလဲ။ မောက်မာပြီး သူ့ထက်အားနည်းတဲ့သူ မှန်သမျှကို လိုက်ဗိုလ်ကျနေတာကို၊ ဘာပဲဖြစ်ဖြစ် သူအခုမင်းလက်သီးတစ်ချက်နဲ့ မှောက်သွားတာဆိုတော့ တော်တော်ကြိတ်မနိုင်ခဲမရ ဖြစ်နေလောက်ပြီ"

ဒေါသထွက်နေရင်းမှ တစ်ဖန်ကျေနပ်သလို တဟီးဟီးနှင့်ရယ်သွားပုံက လူယုတ်မာအလား။ ထိုစကားကြားပြီး ချန်းယောလ်၏ အပြုံးအရယ်နည်းသော မျက်နှာထက်တွင်လည်း လှောင်ပြုံးသေးသေးတစ်ခုက ပေါ်လာ၏။

တိုက်ရခိုက်ရသည်ကို မကြိုက်နှစ်သက်သည့် အယ်လ်ဖာဟူ၍ မရှိပေ။ အယ်လ်ဖာ မျိုးစိတ်သည် ခေါင်းဆောင်ဖြစ်ရန် မွေးဖွားလာကြခြင်းဖြစ်ပြီး ယခုကဲ့သို့ တစ်နေရာတည်း စုထားခြင်းသည် ဝံပုလွေခေါင်းဆောင်များကို စုထားသည့်အလားပင်။ အန္တရာယ်များလှသလို ယခုကဲ့သို့ တိုက်၏ခိုက်၏ဖြစ်စဥ်က ချန်းယောလ်ရောက်မှ ပထမဆုံးဖြစ်တာလည်း မဟုတ်ပေ။

ထိုသို့သော ကိစ္စရပ်များ ရံဖန်ရံခါဖြစ်တတ်သော်ငြား တပ်ကြပ်သည် မျက်နှာလွှဲထားတတ်ကာ အလွန်ပြင်းထန်လာလျှင်တောင် နည်းပြတချို့က အော်ဟစ်တားရုံလောက်သာ လုပ်သည်။ မည်သို့ပင်ဆိုစေ၊ အနိုင်အရှုံးကို အယ်လ်ဖာတိုင်း၏ ဝမ်းတွင်းကဆုံးဖြတ်တာဖြစ်ပြီး အင်အားကြီးမှုကို သတ်မှတ်နိုင်သည့် အယ်လ်ဖာကို ရှုံးသည့်ကောင်က အလွယ်တကူ ခေါင်းငုံ့ပေးတတ်သည်။ ထပ်ပြီးလက်စားချေခြင်းတွေ၊ အလစ်တိုက်ခြင်းတွေ၊ မသမာသော နည်းလမ်းဖြင့် တိုက်ခိုက်ခြင်းတွေလည်း မလုပ်တတ်ကြပေ။ ထို့နည်းတူ အင်အားသတ်မှတ်ပြီးသော အယ်လ်ဖာကလည်း မည်သည့်အင်အားသေးကိုမှ လိုက်ပြီး အနိုင်ကျင့်မနေတတ်ပေ။ ဤသည်ကား အယ်လ်ဖာတိုင်း၏ သဘာဝပေမို့ တပ်ကြပ်သည် မတားမြစ်ခြင်းဖြစ်သည်။

GAGAWhere stories live. Discover now