Ballad-1

481 69 51
                                    


(Uni)

နှင်းပွင့်အသင်္ချေဟာ ကောင်းကင်ယံမှတစ်ဆင့်  ခြောက်သွေ့အေးခဲ နေသော ကမ္ဘာမြေပေါ်သို့ တဖွဲဖွဲ ကျဆင်းနေကာ အအေးဓာတ်ကိုပိုစေသည်။
ကမ္ဘာမြေအား အဖြူရောင်မြေခွေးသားမွေး သဖွယ် လွှမ်းခြုံထားသော နှင်းဟေမန်တို့ကြောင့် အရာရာဟာ အဖြူရောင်အတိပြီး၏။

ရှီပြည်ထောင်၏ ခမ်းနားကြီးမားလှသော နန်းတော်ကြီးရှိ နန်းဆောင်အသီးသီး၏ တံစက်မြိတ်များ၌ အေးခဲနေသော ကျောက်စက်ကျပန်းဆွဲသဖွယ်ရေခဲတို့ဟာ ချွန်မြလှစွာအေးခဲလျက်။
နန်းတော်၏ မြေပြင်နှင့်ခေါင်မိုးတို့သည် နှင်းမှုန်ငယ်များ၏ဖုံးလွှမ်းမှုများကြား နစ်မြုပ်လုမတတ်။

နန်းတော်ကြီး၏ အလယ်တည့်တည့်၌ရှိသော ညီလာခံခန်းမဆောင်ထဲ၌ ချိတ်ဆွဲထားသော မီးဆိုင်းတို့၌  ထွန်းညှိထားသော မီးလျှံတို့မှာ အားပြင်းပြင်းတိုက်ခတ်နေပါသော ဟေမန်လေကြောင့်  တရိပ်ရိပ် ။‌ရွှေရောင်နဂါး ပလ္လင်နား၌ ထွန်းညှိထားပါသော အမွှေးအိုးတို့မှ တောင်ဇလပ်ပန်းချိုချိုအီအီရနံ့ဟာ ခန်းမကြီး၏ လေထုထဲပျံ့နှံ့လျက်ရှိသည်။

နဂါးပလ္လင်၏ အရှေ့မှ  ရွှေကွပ်ထားသော  ကျွန်းသား စားပွဲပေါ်၌ ပိုးစာလွှာလိပ်၊ဝါးစာလွှာလိပ်တို့ဟာ အများအပြား။စားပွဲ၏ ထောင့်နားတွင်တော့ သစ်ဂျပိုးခေါက်ရနံ့ထည့်ထားပါသော  မင်တစ်တုံး၊  မင်သွေးသည့်ခွက်၊ စာရေးစုတ်တံတစ်ခုနှင့်အတူ  လက်ရာမြောက်  ကြွေပန်းအိုးတစ်လုံး  တို့ဟာလဲ သပ်သပ်ရပ်ရပ်နေရာယူထားလေသည်။

သွေးချင်းချင်းနီနေသဖွယ် ကြွကြွရွရွဖြင့် တုနှိုင်းမမှီသည့်အလှတို့ဖြင့် ဖူးငုံပွင့်နေပါသော အနီရောင်ဆီးပန်းပွင့်တို့မှာ ကြွေပန်းအိုးလေးထဲ၌ အိန္ဒြေကြီးလှစွာ နေရာယူထား၏။

အချိန်သည်ကား နှစ်လပိုင်းသို့ရောက်ခဲ့လေပြီ။

ကြက်သွေးရင့်ရောင် နဂါးဝတ်ရုံဟာလေအဝှေ့မှာ တစ်လွင့်လွင့်။  မာန်ဖီနေသော နဂါးခေါင်းပုံထွင်းထုထားသည့် ရွှေမကိုဋ်ကိုဆင်မြန်းထားပါသော ဧကရာဇ်မင်းဟာ   နဂါးပလ္လင်ထက်၌ တည်ရှိနေပုံမှာ ဆောင်းရာသီ ရှီနန်းတော်၏မြင်ကွင်းနှင့်တွဲဖက်လိုက်ပါက လွန်စွာအထီးကျန်နေသယောင်။

Winter Ballad  |  Jakehoon Where stories live. Discover now