Ballad-2

347 58 42
                                    


[Uni]

သစ်ရွက်ကြွေတွေမြေခသောလွမ်းစရာလပိုင်းတွေ၏ ဆောင်းဦး‌လမင်းဟာ ထက်ကောင်းကင်ယံ၌ ဝိုင်းစက်အေးချမ်း သောအသွင်ဖြင့် တစ်ကမ္ဘာလုံးကို အလင်းရောင်နုနုများဖြင့် ထွေးပွေ့ထားသယောင်။

အတိအကျဝိုင်းစက် လုံးဝန်းနေခြင်းမဟုတ်သော်လည်း ယုန်လေးတစ်ကောင်အား အတွင်း၌ ကွယ်ဝှက်ထားပါသော ပုလဲလုံးပမာ လစန္ဒာသည် ဆောင်းဦးကောက်သစ်စားပွဲတော်ရက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အသိပေး ကြေညာနေသကဲ့သို့။

ဆောင်းဦးဟေမန်၏ ခပ်ဖျော့ဖျော့ လေသွေးငယ်ဟာ တိတ်ဆိတ်နေသောညအမှောင်ယံအခါ၌ ဟန်နိုင်ငံ၏ ထည်ဝါလှသော ဘုရင့်နန်းတော်ကြီးအတွင်းသို့ ခပ်သွေးသွေး ဖြတ်သန်းတိုက်ခတ်နေကာ
ဟန်နိုင်ငံ၏ တစ်ချို့နန်းဆောင်များ၌ ချိတ်ဆွဲထားပါသော ယုန်ပုံစံမီးပုံးငယ်များဟာ လှုပ်လှုပ်ခတ်ခတ်။

နန်းတော်ကြီး၏ နေရာတိုင်းဟာတိတ်ဆိတ်အေးချမ်းနေသည်မို့ မဟူရာကောင်းကင်ကိုအမှီပြု၍ နန်းတော်ကိုအေးမြစေသည့် မြောက်ဘက်တောအုပ်ဆီမှ လေသွေးသံနှင့် ပုရစ်ပိုးမွှားလေးတို့၏ အသံတစ်ချို့မှလွဲ၍ မကြားရပါချေ။

ဤသို့အလွန်ကိုအေးချမ်းဆိတ်ငြိမ်လှသော လပြည့်ညချမ်းအခါ၌ အနည်းငယ် ဝုန်းဒိုင်းကျဲနေခဲ့သော နေရာငယ်ဟာတော့ အရှေ့နန်းဆောင်ပင်။

"အိမ်ရှေ့စံ အဲ့ဒီလိုလုပ်လို့မဖြစ်ပါဘူး။
ဒီည အိမ်ရှေ့စံ နန်းတော်အပြင်ထွက်တာကိုသိသွားရင် အရှင်မင်းကြီးသာသိသွားရင် ကျွန်တော်မျိုးခေါင်းပြုတ်ရပါလိမ့်မယ်"

"အထိန်းတော်ဟွမ်းက ဒီအိမ်ရှေ့စံက ငယ်သေးတယ်ဆိုပြီး အမိန့်ကိုမနာခံတာလား?"

အခန်းဆောင်ထဲမှ နဂါးဝတ်ရုံကိုချွတ်ကာ သာမန်အရပ်သားဝတ်စုံ ပိုးအင်္ကျီအားလဲဝတ်နေသော အိမ်ရှေ့စံ ပေါက်စလေး၏ အသံလေးဟာ နန်းဆောင်ငယ်ထဲ၌ ဟိန်းခနဲ။

လွန်ခဲ့သည့်လကမှအထိန်းတော်ရာထူးတိုးသွားသော မိန်းမစိုးငယ်လေးခမျာ တဇွတ်ထိုးနိုင်သည့် အိမ်ရှေ့စံငယ်ကြောင့် အခက်အတွေ့နေရပြီဖြစ်သည်။

Winter Ballad  |  Jakehoon Where stories live. Discover now