အခန်း ၁ / အခန္း ၁

1.1K 50 1
                                    

Unicode

ယနေ့ လော့ယန်မြို့မှာ ပူအိုက်ပေမဲ့ နေမသာပေ တိမ်ဖုံးပေမဲ့ မအေးချေ။ ပူအိုက်ပူလောင် ရာသီဥတုဖြစ်နေပြီး နေမပူတာကြောင့် ကံကောင်းသည်ဟုပြောရမည်။ လမ်းသွားလမ်းလာတွေက အမတ်မင်းရှောင်းရဲ့အိမ်တော်ကို လှမ်းလှမ်းကြည့်ကြတယ်။ မြင်ရခဲတဲ့ အမတ်မင်းရှောင်းရဲ့မျက်နှာကိုများ တွေ့လိုတွေ့ငြား။ အမတ်မင်းရှောင်းဟာ လူအများကြားလှည့်လည်သွားလာခြင်း ရှားပါးသူမို့ မျက်နှာကိုမြင်ရဖို့တောင် အလွန်ပင်ခက်ခဲ၏။

သစ်ပင်စိမ်းစိမ်းတွေရှိတဲ့ အမတ်မင်းရှောင်းရဲ့အိမ်တော်ဟာ ခြောက်ကပ်လွန်းတယ်။ အစေခံမရှိ တံခါးစောင့်မရှိ ခွေးတစ်ကောင် ကြောင်တစ်မြှီးတောင်မရှိ။ အမတ်မင်းရှောင်းသည်လည်း ညဘက်ညဉ့်နက်မှ ပြန်လာတတ်ပြီး မနက်ဆိုရင်လည်း မိုးမလင်းခင်ကတည်းက ရုံးတော်ကိုသွားတာမို့ ဘယ်သူမှမရှိတဲ့အိမ်တော်ကြီးက တိတ်ဆိတ်လွန်းပြီးခြောက်ခြားဖို့ကောင်းတယ်။

သန့်ရှင်းရေးလုပ်မယ့်လူမရှိတော့ အိမ်တော်ရဲ့အပြင်ဘက်မှာ ဖုန်တွေအလိမ်းလိမ်းနဲ့ရယ်။ အိမ်တော်အပေါက်ဝမှာ ချိတ်ဆွဲထားတဲ့ ရှောင်းအိမ်တော်ဆိုသည့် ကမ္ပည်းထိုးထားသော သစ်သားပြားသည်ပင် မှေးမှိန်နေလေပြီ။ မြက်ပင်တွေဆိုသည်မှာလည်း လူတစ်ယောက်ရဲ့ဒူးခေါင်းကိုပင် ကျော်လွန်နေသည့် အနေအထားသို့ရောက်ရှိနေကြသည်။ အိမ်တော်တစ်ခုလုံးက စုတ်ပျက်မနေသော်ငြား သေသပ်မှုမရှိချေ။

ရုပ်ရည်ချောမောတဲ့ အမတ်မင်းရှောင်းဟာ မိန်းမပျိုလေးတွေပါးစပ်ကမချနိုင်တဲ့ လူတစ်ဦးပင်။ ရုံးတော်မှာပဲ အလုပ်ထဲခေါင်းနှစ်ထားတဲ့ အမတ်မင်းရှောင်းသည်ကား လူတွေ့မခံချင်သလိုပဲ။ ရုံးတော်မှာတစ်နေကုန်နီးပါးနေပြီး အိပ်ချိန်မှအိမ်တော်ဆီပြန်ရောက်သည်။ အမတ်မင်းရှောင်း၏မျက်နှာသည်ကား မြင်ချင်တိုင်းမြင်လို့ရသည့်အရာမဟုတ်ချေ။ ရုံးတော်မှလူများ၏ စကားအရတော့ အမတ်မင်းရှောင်းသည် စကားနည်းပြီး အလွန်ပင် တစ်သီးတစ်သန့်ဆန်၏။ အမတ်မင်းရှောင်းဟာ ဘယ်လောက်ပဲ စိမ်းကားတတ်သူလို့ပြောပါစေ မိန်းမပျိုလေးတွေကတော့ အမတ်မင်းရှောင်းကို တွေ့ဖူးချင်ကြသည် စကားပြောဖူးချင်ကြသည်။ သူတို့အဖြစ်သည်လည်း ညကောင်းကင်ယံက လမင်းကိုဖမ်းဆုပ်ချင်နေသည့် ကလေးငယ်များအလား။ လမင်းကမှ မြင်ရနိုင်သေး၏ အမတ်မင်းရှောင်းကတော့ မြင်ရဖို့ကိုပင်မဖြစ်နိုင်၊ ဖမ်းဆုပ်ဖို့ကား စကြဝဠာအနန္တအထိကို ဝေးလေသည်။

Summer Of LuoyangWhere stories live. Discover now