အခန်း ၂ / အခန္း ၂

515 36 0
                                    

Unicode

လရောင်ဟာ ထိန်ထိန်လင်းလို့ လမင်း၏တည်နေရာသည်လည်း ကောင်းကင်၏အထိဋ်အထိပ်သို့ ရောက်ရှိနေလေပြီ။ တစ်ချက်တစ်ချက်ဝေ့ဝဲတိုက်ခတ်သည့် လေညှင်းတွေရယ် ပုစဉ်းရင်ကွဲတွေရဲ့အော်သံတွေရယ်ကလွဲလို့ အခြားဘာသံမှမကြားရပါဘဲ တိတ်ဆိတ်နေသည်ဟူ၍ပင် ပြောလို့ရနိုင်၏။ ညဉ့်နက်လို့ သန်းခေါင်တောင်ကျော်လာပေမဲ့ ထိုသူမျှော်လင့်နေသူကား အခုအချိန်အထိရောက်လာခြင်းမရှိ။ အာခေါင်ခြောက်လာတာနဲ့ ဘူးသီးခြောက်ထဲမှရေကို ထိုသူကတစ်ငုံသောက်လိုက်တယ်။ အမတ်မင်းရှောင်းက အိမ်ပြန်နောက်ကျတတ်မှန်းသူသိလို့ အရင်နေ့ညတုန်းက စောစောအိပ်ရာဝင်လာခဲ့တာ အတော်မှန်သွားလေပြီ။ သို့သော်လည်းပဲ အိပ်ချင်စိတ်မပေါ်ဘူးပြောရင်တော့ မုသားဆိုရာကျမှာပေါ့။ ဒီလောက်ညဉ့်နက်နေမှတော့ ဘယ်သူကမအိပ်ချင်ဘဲနေမလဲ။ ပျော်စရာလည်းမရှိ လုပ်စရာလည်းမရှိ ဒီတိုင်းကြီးစောင့်နေရတာ ပျင်းစရာကကောင်းတော့ ထိုသူမှာ ပိုလို့တောင်အိပ်ချင်စိတ်ပေါက်နေသည်။

ခပ်လေးလေးခြေသံတစ်စုံဟာ လမ်းထဲချိုးဝင်လာသည့်အသံကိုကြားတာကြောင့် ခြံစည်းရိုးကိုကျောမှီ၍ ငပျင်းပုံစံဖမ်းနေသည့် ထိုသူရဲ့ကျောကုန်းက တမဟုတ်ချင်းတန်းမတ်သွားသည်။ ထိုသူဟာ ထိုင်နေရာမှထကာ ခါးနောက်ထိုးထည့်ထားသည့် ဓားမြှောင်ကိုလည်း လှမ်းဆုပ်ကိုင်ထားပြီး အချိန်မရွေးဆွဲထုတ်လိုက်ဖို့ အသင့်အနေအထားပင်။ မှောင်မှောင်ညရဲ့ တစ်ခုတည်းသောအလင်းရောင်ဟာ လရောင်သာရှိပြီး အခြားသောအလင်းရောင်ဆိုသည်မှာနတ္ထိ။ မျက်စိကောင်းလွန်းသည့် ထိုသူကတော့ အမှောင်ထဲမှာ လမ်းလျှောက်လာနေသူကို တော်တော်လေးသဲသဲကွဲကွဲ မြင်နေရသည်။ ရုံးတော်ကအမတ်မင်းတွေဝတ်တဲ့ ဝတ်ရုံနီနီကိုတွေ့ခါမှ သူစောင့်နေသူများလားလို့ ထိုသူကအတွေးဝင်မိသော်ငြား သတိနဲ့တော့နေဆဲပင်။ ထိုသူဟာ မြေပြင်ပေါ်ကခြေနှစ်ဖက်ကို အတန်အသင့်ကားထားပြီး ဓားမြှောင်ကိုလည်း ဆွဲထုတ်ဖို့တပြင်ပြင်နဲ့လုပ်နေသည်။

ဖြောင့်မတ်သော်ငြား ပင်ပန်းနေသူလိုလေးလံတဲ့ ခြေလှမ်းတွေက ထိုသူ့အနားကိုတဖြည်းဖြည်းနဲ့ချဉ်းကပ်လာတော့ လရောင်ဝင်းဝင်းအောက်မှာ အမတ်မင်းဝတ်စုံနဲ့တစ်ဖက်လူရဲ့မျက်နှာကို ထိုသူကထင်ထင်ရှားရှားမြင်လိုက်ရသည်။ ကြည်လင်သောမျက်ဝန်းတစ်စုံက မှေးစင်းနေပြီး မျက်ကွင်းတွေကအနည်းညိုနေသည်။ မျက်တွင်းတွေကလည်း အပေါ်တည့်တည့်မှတောက်ပနေသော လ၏အလင်းကြောင့် ချိုင့်ဝင်နေသယောင်။ တောင်တန်းတွေသဖွယ် မြင့်မားပြီး သွယ်ဆင်းနေတဲ့နှာတံရယ် မထူမပါးနှုတ်ခမ်းတစ်စုံရဲ့အောက်မှာလည်း မှဲ့နက်လေးတစ်ခုဟာနေရာယူထားလေရဲ့။ ထိုသူ့အထင်မမှားလျှင် သူ့ရှေ့ကလူကား အမတ်မင်းရှောင်းပင်ဖြစ်ရမည်။ မိန်းမပျိုလေးများပြောကြသော အကြည်ဓာတ်ခံလေးနဲ့မျက်နှာဆိုသည်မှာ သူ့ရှေ့ကလူနဲ့ကိုက်ညီနေ၏။

Summer Of LuoyangWhere stories live. Discover now