U N I C O D E
ထယ်ယောင်း တစ်ယောက် ပျင်းပျင်းနဲ့ ထိုင်နေတာ ဟိုဘက်မှာတော့ ကလေးတွေ ဝိုင်းဖွဲ့ပြီး ဆော့ကြနေသည် ။ ဒီအချိန် ကောက်စိုက် ရာသီမို့ ထော်လာဂျီများဖြင့် တစ်စီးပြီး တစ်စီး ပျိုးပင် များအား လယ်ကွက်ထဲကို ပို့နေကြ၏ ။ ထယ်ယောင်းလည်း ပျင်းတာမို့ ဝိုင်းဆော့နေတဲ့ ကလေး အဖွဲ့နား သွားလိုက်သည် ။
"ဟေ့ ၊ ကလေးတို့ ဘာတွေ ဆော့ေနတာလဲ ? "
"ရေလား ၊ ကုန်းလား ဆော့နေတာ အစ်ကိုထယ်ယောင်း "
"ဟုတ်လား ၊ ငါလည်း ပါမယ် "
"ပါရင် ၊ လိုက် "
"ပြီးရော ၊ ပြီးရော ငါလိုက်မယ် "
ထိုအခါ ထယ်ယောင်းမှ ကလေးများအား မေးလိုက်သည် ။
" ရေလား ၊ ကုန်းလား ?? "
"ရေ!!!! "
"ဒါဆို ရေထဲ ဆင်းသူ ငါ လိုက်မယ် ၊ စိန်ခေါ်ပြီလားဟေ့ "
"စိန်ခေါ်တယ်ဟေ့!! "
ပြောလည်း ပြော ကလေးများလည်း ကုန်းပေါ်တက်လိုက် ၊ ရေထဲ ဆင်း လိုက် ၊ ထယ်ယောင်း အား စ လိုက်နဲ့ ဆူညံနေကြ၏ ။
"အစ်ကို ထယ်ယောင်းကို မကြောက်လို့ ရေထဲ ဆင်းတယ် ဘာဖြစ်လဲ ?? အစ်ကို ထယ်ယောင်းကို မကြောက်လို့ ရေထဲ ဆင်းတယ် ဘာဖြစ်လဲ ?? "
"ငါလာပြီ..!! "
"ရေကုန်း ...ရေကုန်း ၊ ကုန်းရေ...ကုန်းရေ ၊ ကုန်းရေ ...ကုန်းရေ ၊ ရေကုန်း....ရေကုန်း..!! ဆင်းတယ်ဟေ့ ....ဆင်းတယ် !! "
ကလေးတွေက ထယ်ယောင်းအား စ ပြီး ကုန်းပေါ်တက်လိုက် ၊ ရေထဲ ဆင်းလိုက် လုပ်နေသည်မို့ ထယ်ယောင်းမှာ ဟိုဘက် ကားယား ၊ ဒီဘက် ကားယားနဲ့ ကလေး များ အား လိုက် နေ၏ ။ ထိုအချိန် ပျိုးပင်များအား သယ်လာတဲ့ ထော်လာဂျီ တစ်စီးမှ စကားသံထွက်၏ ။
"ဟိတ်... အရှေ့က ကို ကားယား ရေ ၊ လမ်းဖယ်ပေးဦး "
ထယ်ယောက် လှည့်ကြည့်တော့ ဟိုနေ့က တွေ့ခဲ့တဲ့ အကောင်ပင် ။
"သွားပါလား ...အလွတ်ကြီးကို !! "
ထယ်ယောင်းလည်း မဲ့ရွဲ့ပြီး ပြောလိုက်၏ ။