Coming out (First half)
(Unicode)
ပျမ်းကျင်းယွမ်၏ အလုပ်သင်ကာလက ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။ အမှန်က အလွန်ပင် ချောချောမွေ့မွေ့ပြီးဆုံးသွားခဲ့ခြင်းဖြစ်သည်။ သူက မှတ်ဉာဏ်ကောင်းကာ ကိန်းဂဏန်းများ ကိုင်တွယ်ရာတွင်လည်း တော်သည်။ သူ ယွင်ရှောက်နှင့်အတူ ပထမဆုံးအကြိမ်လိုက်ပါသွားသည့်အခေါက်တွင် စာချုပ်ပါ လစ်ဟင်းနေသည့် အချက်ကို ယွင်ရှောက်အား တိုးတိုးတိတ်တိတ် ထောက်ပြခဲ့၏။ ယွင်ရှောက်မှာ အံ့ဩသွားရပြီး ပျမ်းကျင်းယွမ်ထံ သူ့နေရာကို လွှဲပြောင်းပေးရန်ပင် တိုက်တွန်းလာသောကြောင့် ပျမ်းကျင်းယွမ်က “ကျွန်တော် အခုအထိ ဘွဲ့တောင်မရသေးဘူး” ဟုပင် ပြန်သတိပေးခဲ့ရသည်။
ယွင်ရှောက်က ရယ်မောလာသည်။ “ကိစ္စမရှိပါဘူး။ အသက်အရွယ်က အရည်အချင်းကို မသတ်မှတ်ဘူး။ ကျောင်းသားက ဆရာထက် ပိုတော်နိုင်တာပဲ”
ပျမ်းကျင်းယွမ်က သူ့ကို လျစ်လျူရှုကာ တခြားလုပ်စရာရှိသည့်အလုပ်များကို သွားလုပ်တော့သည်။
အဘိုးယွင်မှာ နောက်ဆုံးတွင် သူ မိသားစုလုပ်ငန်းကို စိတ်ဝင်စားလာသည်ကို မြင်ရ၍ သူ့သူငယ်ချင်း၏ မြေးမလေးကို သူနှင့် မိတ်ဆက်ပေးချင်နေသည်။
“jing jing က မင်းအသက်နဲ့ အတူတူလောက်ပဲ။ သူက ချောပြီး သိမ်သိမ်မွေ့မွေ့လည်း ရှိတယ်။ မင်း သူ့ကို ကြိုက်လား” သူက ဓာတ်ပုံကို ပျမ်းကျင်းယွမ်ကို ကမ်းပေးလိုက်သည်။
ပျမ်းကျင်းယွမ်က ဓာတ်ပုံကို ယူလိုက်ပြီး တစ်ချက်ပင် မကြည့်ဘဲ ပြန်ချလိုက်၏။ “ဟင့်အင်း”
အဘိုးယွင်က အနည်းငယ်စိုးရိမ်စပြုလာသည်။ “ဒီနေရာမှာ မင်းအဖေနဲ့ တူနေတာတော့ မဟုတ်ဘူးမလား။ မင်းလည်း အိမ်ထောင်မပြုချင်ဘူးလား”
ပျမ်းကျင်းယွမ်က ခေါင်းခါကာ ပြောပြလိုက်သည်။ “ကျွန်တော် အိမ်ထောင်ပြုချင်ပါတယ်”
ထိုအခါမှ အဘိုးယွင်မှာ စိတ်ချသွားရ၏။ “မင်းလက်ထပ်ချင်လို့ တော်သေးတာပေါ့၊ ကောင်းတယ်”
“ဒါပေမဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးဖို့ မလိုပါဘူး”
“ဒါဆိုရင် မင်းဘာသာမင်း ရှာရမှာပေါ့” အဘိုးယွင်က အကြံပေးသည်။

ŞİMDİ OKUDUĞUN
တီမောလ်ဂျင်းနီ (Completed)
Romantizmမီယမ်မာထရန်စလေးရှင်း Type- Web novel Genre- fantasy, romance, school life, slice of life, supernatural, yaoi အော်သာ - လင်းအောင့်စစ် Chapters- 80 chapters+ 4 extras