• 6 •

191 26 12
                                    

Unicode Version

အဆောင်ရဲ့ခေါင်မိုးကို တဂျစ်ဂျစ်တိုက်နေတဲ့အသံကြောင့် ဟယ်ချန်း စိတ်ညစ်ညစ်နဲ့ ထထိုင်လိုက်တယ်။ အချိန်က ည ဆယ်နာရီ။ ဟယ်ချန်းကသာ အိပ်မပျော်တဲ့ရောဂါကြောင့် အိပ်မပျော်နိုင်ဖြစ်နေပေမယ့် အခန်းထဲက နှစ်ယောက်ကတော့ အိပ်ပျော်နေကြပြီ။ ဂျယ်နို ဒီကိုပြန်ရောက်နေတာ သုံးရက်လောက်တော့ရှိပြီ။ ကျောင်းပျက်ရက် ခဏခဏများနေတဲ့ ဂျယ်နိုအတွက် ဂျယ်မင်းက ဒိုင်ခံစာပြန်ရှင်းပြပေးနေရတာပဲ။

အဆောင်ဘေးမှာစိုက်ထားတဲ့ အရိပ်ရသစ်ပင်ရဲ့ သစ်ကိုင်းက ခေါင်မိုးက သွပ်ကိုထိုးနေတာမလို့ လေတိုက်လိုက်တိုင်း တဂျစ်ဂျစ်အသံကို စိတ်ပျက်ရလောက်အောင်ကြားနေရတာ။ ကံဆိုးစွာနဲ့ ဟယ်ချန်းနေတဲ့အခန်းက ခေါင်မိုးနဲ့အနီးဆုံးနေရာမှာ။ မနက်ဖြန်မိုးလင်းတာနဲ့ အဆောင်မှူးကိုပြောပြီး တက်ခုတ်ပစ်ခိုင်းရမယ်လို့တွေးလိုက်ပေမယ့် ခြံဝန်းထဲက အပင်တွေကို မွေးထားတဲ့ကလေးတစ်ယောက်လိုမျိုး ပြုစုယုယနေခဲ့တဲ့ အဆောင်မှူးရဲ့ မျက်နှာကိုမြင်ယောင်လာတော့ ဟယ်ချန်း စိတ်ပျက်လက်ပျက်နဲ့ပဲ မျက်နှာကြောတွေ ရှုံ့တွသွားတယ်။ ဒါပေမယ့်လည်း မတတ်နိုင်ဘူး။ ပြောတော့ပြောကြည့်ရမှာပဲ။ ဒီလို တဂျစ်ဂျစ်အသံကြီးကို ညတိုင်းနားထောင်ပြီး မအိပ်နိုင်ဘူး။

နားညီးရတဲ့ကြားထဲ ရာသီဥတုကပါ အိုက်စပ်စပ်မလို့ အလိုလိုနေရင်း ဟယ်ချန်းစိတ်တွေ ညစ်ညူးလာရတယ်။ ဟယ်ချန်းက ရာသီဥတုဘယ်လောက်အေးအေး အဆင်ပြေတယ်။ ရာသီဥတုပူရင်တော့ ကုန်းပေါ်ရောက်နေတဲ့ ငါးတစ်ကောင်လို ပူလိုက်ဖောင်းလိုက်ဖြစ်နေတတ်တဲ့ အပူကြောက်တဲ့လူမျိုး။ ပုံမှန်ဆို ခြင်ကိုက်လို့ ပြတင်းပေါက်ကိုပိတ်ထားတတ်ပေမယ့် အခုတော့ ပြတင်းပေါက်ကနေ လေဝင်လိုဝင်ငြား ပြတင်းတံခါးကိုထဖွင့်လိုက်တယ်။ ဒါပေမယ့်လည်း လေကမတိုက်။

လေမတိုက်မယ့်အတူတူတော့ ခြင်အကိုက်ခံပြီး ပြတင်းပေါက်မဖွင့်ထားတော့ဘူး။ ဟယ်ချန်း သက်ပြင်းအသာချပြီး ပြတင်းတံခါးနှစ်ချပ်ကို ဆွဲပိတ်ဖို့ပြင်နေတုန်း အဆောင်ရှေ့မှာရပ်ထားတဲ့ စက်ဘီးကြောင့် မပိတ်သေးဘဲ ငြိမ်ရပ်နေလိုက်မိတယ်။

Restore The 90sWhere stories live. Discover now